18 C
Yangon

ဖလမ်းတွင် အသက် ၆၀ အရွယ် မသန်စွမ်း အမျိုးသမီး၊ ဝက်လက်တွင် စိတ်ဝေဒနာရှင်၊ ပုလဲတွင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ဦး၊ ညောင်လေးပင်တွင် စစ်ဘေးရှောင်ကူညီသူ စုစုပေါင်း ၅ ဦးကို စစ်တပ်က သတ်ဖြတ်

Must read

ရန်ကုန်၊ ဇူလိုင် ၇

အကြမ်းဖက်စစ်တပ်က ဖလမ်းတွင် အသက် ၆၀ အရွယ် မသန်စွမ်း အမျိုးသမီး ၁ ဦး၊ ဝက်လက်တွင် စိတ်ဝေဒနာရှင် ၁ ဦး၊ ပုလဲတွင် အသက် ၇၀ ကျော်အဘိုးအို ၂ ဦး၊ ညောင်လေးပင်တွင် စစ်ဘေးရှောင်ကူညီသူ စုစုပေါင်း ၅ ဦးကို သတ် ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖလမ်းမြို့တွင် အသက် ၆၀ အရွယ် မသန်စွမ်း ဒေါ်တီလ်ကပ်(ပ်)ကို စစ်တပ်က သတ်ဖြတ်

===========================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သို့ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၃၀ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာနေ အသက် ၆၀အရွယ် မသန်စွမ်း ဆွံ့အ အမျိုးသမီးကြီး ဒေါ်တီလ်ကပ်(ပ်)ကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင် ခံကောင်စီထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ ယခုကဲ့သို့ အပြစ်မဲ့ မသန်စွမ်း ဆွံ့အ အမျိုးသမီးကြီး တစ်ဦးကို သတ်ဖြတ်ခြင်းအပါအဝင် ချင်းပြည်နယ် အနှံ့တွင် စစ်တပ်၏ ကျူး လွန်သော စစ်ရာဇဝတ်မှုများကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တာဝန်ရှိအဖွဲ့အစည်းများက စနစ်တကျမှတ်တမ်းတင်ပြုစုထားလျှက်ရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း အရပ်သားပြည်သူများအပေါ် စစ်တပ်က လူမဆန်သော ရက်စက် ကြမ်းကြုတ်စွာပြုကျင့်နေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ပြုကျင့်ခြင်းများအပေါ် ထိုက်သင့်သည့်တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ ထုတ်ပြန်ထားသည်။

ဝက်လက်မှ စိတ်ဝေဒနာရှင် ကိုသိန်းထွန်းဦးကို စစ်တပ်က သတ်ဖြတ်

===========================================

အလားတူစစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီတပ်သည် ရုံးပင်ကုန်းကျေးရွာမှ စိတ်ဝေဒနာရှင် ကိုသိန်းထွန်းဦးကို ဇူလိုင်လ ၄ ရက်နေ့တွင် ပစ်သတ်ပြီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ညောင်လေးပင်မှ စစ်ဘေးရှောင်ကူညီသူ စောလားကပေါ်ကို သတ်ဖြတ်ပြီး ငွေသိန်း ၅၀ စစ်တပ်က ယူ

===========================================

အကြမ်းဖက်စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ရေးလုပ်ဆောင်နေသူ အသက် ၄၀ ဝန်းကျင်ရှိ စောလားကပေါ (ခ) ဖားဘော်ကို ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ပစ်လိုက်ကြောင်း ၎င်းထံမှ စစ်ဘေးရှောင်များအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် ပါလာသည့် ငွေကျပ် သိန်း ၅၀ ကိုပါ လုယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများဖြစ်ပွားနေသော KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ အောင်းလောင်းစိန် ဂိတ်စခန်းတွင် စောလားကပေါကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ကျွန်းပင်ဆိပ်စခန်းသို့ ခေါ်ဆောင်ပြီး ထပ်မံ ရိုက်နှက်စစ်ဆေးနေစဉ် သေဆုံးခဲ့ကြောင်း KNU က ဆိုသည်။

စောလားကပေါသည် ကေအဲန် ယူ-မုန်းမြို့နယ်အတွင်း တိမ်းရှောင်နေရသည့် ဒေသခံပြည်သူလူထုများကို လိုက်ပါ ကူညီပေးလျက် ရှိပြီး ပြည်သူလူထုအတွက် အခြေခံလိုအပ် ချက်များကို ဝယ်ယူရန်အတွက် သွားရာလမ်း တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ၎င်းတွင် ပါလာသော ငွေကျပ် သိန်း ၅၀ ကိုပါ စစ်ကောင်စီတပ်ဖွဲ့က လုယူလိုက်ကြောင်း၊ ယင်းငွေများသည် စစ်ရှောင်များအတွက် အဓိက လိုအပ်နေသည့် ဆန်နှင့် မိုးကာများ ဝယ်ယူရန် ငွေများဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲများဖြစ်ပွားနေသော မုန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်သည် ဒရုန်းများဖြင့် ကျေးရွာများသို့ လိုက်လံထောက်လှမ်းခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် ကျေးရွာများအတွင်းသို့ ဝင်ရောက် မွေနှောက်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်းများကြောင့် ဒေသခံပြည်သူများမှာ ကျေးရွာများသို့ မပြန်ရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း လက်ရှိတွင် ကျေးရွာပေါင်း ၄၈ ရွာမှ ဒေသခံပြည်သူ ၅၄,၉၁၁ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KNU က ထုတ်ပြန်သည်။

ဝက်လက်တွင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ဦးကို သတ်ဖြတ်မီးရှို့

========================================================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ မင်းရွာ ကျေးရွာနှင့် မွေ့တုံကျေးရွာမှ အသက် ၇၀ကျော်အဘိုးအို ဦးကျော်ဟန်နှင့် ဦးတင်ဖေတို့ကို စစ်တပ်က ကျေးရွာအတွင်းဝင်ရောက်သတ်ဖြတ်ခဲ့ပြီး ယနေ့ ရုပ်အလောင်း ပြန်လည်ရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်ဟာ မွေ့တုံကျေးရွာကို ဇူလိုင်လ ၆ရက်နေ့တွင် ဝင်ရောက်တပ်စွဲပြီး ယနေ့ တွင် မီးရှို့ကြောင်း ၊ အဘိုးအို ၂ ဦးကိုလည်း သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“စစ်ကောင်စီထွက်သွားလို့ ရွာသားတွေ မီးငြိမ်းတဲ့အခါ စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ရုပ်အလောင်းတွေ ပြန်ရပါတယ်။ တစ်ယောက်က မင်းရွာကျေးရွာက၊ တစ်ယောက်ကမွေ့တုံကျေးရွာက တစ်ယောက်ပါဗျ။မင်းရွာကျေးရွာသား အဘိုး ဦးကျော်ဟန်နဲ့ နောက်တစ်ဦးကတော့ မွေ့တုံရွာသား အဘိုး ဦးတင်ဖေ အသက်၇၈နှစ်ပါ” ဟု‌ ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မွေ့တုံရွာမှ အိမ်ခြေ ၃၃လုံးနှင့် မင်းရွာမှ အိမ်ခြေ ၆၆ လုံးကျော်မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဝက်လက်မြို့နယ် အရှေ့ခြမ်း ရုံးပင်ကုန်းကျေးရွာမှ စိတ်ဝေဒနာရှင် ကိုသိန်းထွန်းဦးကို စစ်တပ်က သတ်ဖြတ် မီးရှို့သွားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article