ရန်ကုန်၊ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မဲသယ်ကျေးရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေး ငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးသွားကြောင်း ကန့်ဘလူမြို့နယ်အခြေစိုက် စစ်ဘေးရှောင် ကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန့်ဘလူမြို့နယ်၊ မဲသယ်ကျေးရွာအတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေး ငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဒီအတိုင်းလာကျဲသွားတာ။ ဗုံးကျဲတဲ့အချိန် လေယာဉ်က အောက်ကို ထိုးဆိုက်ပြီး ဗုံးကျဲတယ်။ လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တယ်” ဟု ကန့်ဘလူမြို့နယ်အခြေစိုက် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ မှ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ မကွေးတိုင်း ၊ ပေါက်မြို့နယ် မြိုင်မြို့နယ် အစပ် လက်ပံတို ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းအချိန် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် အစပ် လက်ပံတို ရေနံမှော်ဒေသကို အကြမ်း ဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ နေအိမ်များ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ နေအိမ်များ ပျက်စီးသွားတယ်။ ပေါက်/မြိုင်အစပ် လက်ပံတို ရေနံမှော်ဒေသကို ကျဲတာပါ”ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၂၂ ရက်နေ့ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရေနံမှော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေ ကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည်။






