စစ်ကိုင်းတိုင်း ၊ မြောင်မြို့ပေါ် မြို့မရဲစခန်းနှင့် ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ် ၁ အပါအဝင် စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Zin Yaw Ni Sniper packing Guerrilla forces မှ အဖွဲ့ခေါင်းဆောင် ကိုကျားသစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ ရဲစခန်းအတွင်းရှိ အဆောက်အဦး ၁ လုံးလည်း ပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မြောင်မြို့ပေါ်ရှိ ဆေးရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြု နိုင်ခြင်းမရှိသေးဘဲ စစ်တပ်ဘက်ကလည်း ၈၁ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် LPDF ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေး အင်အားက ဆေးရုံနဲ့ ရဲစခန်းမှာ တပ်စွဲထားတာ စုစုပေါင်း ၂၀၀ ကျော်ထိရှိတယ်။ စစ်ခွေးသေစာ’ရင်းက ပထမရက်က တော့ ဗိုလ် ၁ ဦး အပါဝင် ၃ ဦး ထက်မနည်း သေဆုံးတယ်။ ဒုတိယရက်ကတော့ စစ်ခွေးဘက် သေဆုံးမှု အရေအတွက်ကို မသိရသေးဘူး။ သူတို့ အစည်းအဝေး လုပ်နေချိန် ပစ်တာဆိုတော့ ထိခိုက်သေဆုံးမှုများနိုင်တယ်။ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီး ၈၁ မမ တွေနဲ့ ပြန်ပစ်တယ် “ဟု Zin Yaw Ni Sniper packing Guerrilla forces မှ အဖွဲ့ခေါင်းဆောင် ကိုကျားသစ်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Zin Yaw Ni လက်နက်ကြီးအဖွဲ့နှင့်အတူ ပကဖ ၊ LPDF များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




