28 C
Yangon

ပုလဲတွင် စစ်တပ်နှင့်PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံး၊ မင်းရွာကို စစ်တပ်က မီးရှို့မှု အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာကိုလည်း စစ်တပ်က မီးဝင်ရှို့

Must read

ရန်ကုန် ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တောင်ဘက် မွေ့တုံကျေးရွာအနီးတွင် စစ်တပ်နှင့် PDF တပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဝင် လေးဦး သေဆုံးကြောင်း ဒေါင်းနက်ပျောက်ကျားတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ တစ်နေကုန် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ လေးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၊ ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် နံနက် ၉ နာရီအချိန်မှ စတင်ကာ မင်းရွာကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေါင်းနက် ပျောက်ကြားတပ်ဖွဲ့ထံမှ သိရှိရသည်။

“စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေက မနေ့တုန်းက တစ်နေကုန်ပဲ။ မွေ့တုံကျေးရွာကို ညအိပ်မရပ်နားခင် ရွှေလောင်းကျေးရွာမှာ ကတည်းက အပြန်အလှန်ထိတွေ့မှုတွေ ဖြစ်လာတာပဲ။ မြိုင်မြို့နယ် ပုလဲမြို့နယ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေ ပေါင်းတိုက်ကြတာ။ အဖွဲ့တွေ ပြန်သွားလိုက် လာလိုက်ပေါ့။ မနက်လင်းလာတဲ့အခါ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိပြီး စစ်ကောင်စီတပ်က မွေ့တုံကျေးရွာနဲ့ ကပ်လျက် မင်းရွာကျေးရွာရဲ့ ရွာဟောင်းကို မီးရှို့တယ်။ ဒီနေ့ မနက် ၉ နာရီလောက်ကတည်းက အိမ်ခြေ ၁၀၀ လောက် လောင်သွားပြီ” ဟု ဒေါင်းနက်ပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်ပေက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ ဝင်ရောက်ဖျက်ဆီးနေသည့်အတွက် အနီးအနားရှိ ကျေးရွာ ၁၀ ရွာဝန်းကျင်ခန့်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းချိန်တွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် မီးလောင်မှု အခြေအနေကို မသိရှိသေးကြောင်း၊ ပြည်သူများ ထိခိုက်မှုရှိမရှိကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရွာကို မီးတင်ရှို့နေပါတယ်။ ရေနံကျင်းတွေကို ရှို့နေတာလား။ လူနေအိမ်တွေကို ရှို့နေတာလားဆိုတာကတော့ အသေးစိတ် မသိရသေးပါဘူး။ ပြည်သူတွေ ထိခိုက်မှုရှိမရှိနဲ့ ရွာတွေကို အခြေအနေတွေကို အတည်ပြုဖို့ ခက်နေတယ်” ဟု We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ စစ်တပ်၏ မီးရှို့မှု ခံရသော မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article