မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၅ ဦး ထက်မနည်းသေဆုံးခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှ ထွက်လာ သော အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို နတ်မောက်မြို့နယ်ပကဖမှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ကာ သေဆုံးစစ်သားအလောင်းများကို ဖျောက်ဖျက်နေကြောင်း သိရသည်။
“အင်အား ၇၀ လောက်နဲ့ ဂွေးကုန်းကနေ ထွက်လာတာပါ။ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ စခတွေ သေ ဆုံး ထိခိုက်တာရှိပါတယ်။ ၆၀ မမ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ပြီး အဲဒီနားမှာ ကင်းပုန်းတွေဝပ်၊ အလောင်းတွေဖျောက်နေတာပါ။ အနားကပ်မရတော့ဘယ်နှစ်ယောက်သေလဲ မသိရဘူး” ဟု နတ် မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုအဆိပ်သီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နတ်မောက်မြို့နယ် အနောက်ခြမ်း၊ တဲ ကြီးကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဖန်းခါးကျေးရွာသို့ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ တဲကြီးကျေးရွသို့ ဝင် ရောက်လာသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ စိုင်ကောင်း -ရွာမွန် လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်နေစဉ် စိုင်းကောင်းကျေးရွာဘက်မှ လာသော အရာရှိ ၁ ဦး အပါအဝင် စစ်သား ၃ ဦး လိုက်ပါလာသောကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အရာရှိ ၁ ဦး အပါအဝင် စစ်သား ၂ ဦး သေဆုံးကာ MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၈ ဘောက်နှင့် ၅ ဒသမ ၆ ကျည်အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တဲကြီးကျေးရွာကို ဝင်လာတဲ့ စခတွေက သမျှားတောင်ရွာကနေ အမှိုက်ပင်၊ အမှိုက်ပင်ဘက်နေ တဲကြီးရွာဘက်ကို ဝင်လာတဲ့စစ်ကြောင်းပါ။ လက်ရှိအထိတော့ ပြည်သူတွေဖမ်းဆီးခံရတာမျိုး မရှိ သေးပါဘူး” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံကို အဆိပ်သီးက ပြောဆိုသည်။





