ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ် မိုင်းဒါကွင်း အနီးရှိ အကြမ်းဖက် စစ်တပ် အထိုင်ကင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – တောင်ငူမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်ခန့်တွင် တောင်ငူမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က မိုင်းဒါကွင်းအတွင်း ဦးစီးကျင်းပနေသော လွတ်လပ်ရေးပွဲကို လုံခြုံရေးယူပေးထားသော စစ်တပ် အထိုင်ကင်းကိုအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိစေကြောင်း သိရသည်။
“မနေ့က ညပိုင်းက မိုင်းဒါကွင်းထဲမှာ စစ်ခွေးတွေက လွတ်လပ်ရေးနေ့ဆိုပြီးပွဲလုပ်နေတာကို လုံခြုံရေးယူပေးနေတဲ့ စစ်ခွေး အထိုင်ကင်းအနီးမှာ အင်အားပြင်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိမရှိဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေးတွေ နိဂုံး မချူပ်သေးသရွေ့ ရင်ဆိုင်တိုက်ခိုက်သွားမယ်လို့ အသိပေးပြောချင်ပါတယ်” ဟု အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – တောင်ငူမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ငူမြို့ဒေသဆိုင်ရာ အထူးမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် တောင်ငူမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးရှိ ကျောက်ပြုတ်ရွာ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုနွေမိုက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းခြံမြို့အနီးရှိ ကျောက်ပြုတ်ရွာ၌ အင်အား ၃၅ ဦး ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံး ကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စခန်းသိမ်းပိုက်ခါနီးနီးမှာ ပြန်ဆုတ်လာခဲ့ရတာ။ မြို့နဲ့ကလည်း နီး၊ ခမရ ၁၅ တပ်နဲ့ကလည်း နီးကပ် နေတော့ စစ်ကူတွေအမြန်ရောက်လာလို့ပါ။ စခ ၃ ဦးသေတယ်၊ ၅ ဦးဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ထဲ မှာ ၂ ဦးက ပြင်းထန်တယ်လို့ သိရတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာ မရှိပါဘူး။ ကျနော်တို့ PDF တပ်ဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်ကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ ကြိုးစားနေပါ တယ်။ မိဘပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ ကျနော်တို့ PDF တွေအားလုံး စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုပါတယ်” ဟု MGN 35 ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ကိုနွေမိုက်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger – MBT ၊ ပြည်သူ့ ကြယ်တစ်ပွင့် တပ်ဖွဲ့နှင့် Myingyan Danger Dynamiter တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။




