မကွေးတိုင်း၊ ထီးလင်းမြို့ရှိ စစ်တပ်စခန်းသို့ ရဟတ်ယာဉ် ၂ စီးက ဆင်းသက်၍ စစ်ကူများ လာပို့ချိန် တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က ထီးလင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို Mi 17 ထောက်ပို့ ရဟတ်ယာဉ် ၂ စီးဆင်းသက်နိုင်ရန် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီး ဖြင့် ထီးလင်းမြို့ပတ်ဝန်းကျင်ကို ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
“လူထိခိုက်မှုကတော့ မရှိပါဘူး။ မြို့ပြင်တောထဲနေရာတွေကျဲချတာဆိုတော့လေ။ အဓိကကတော့ ထောက်ပို့ ရဟတ်ယာဉ် ၂ စီးဆင်းနိုင်ဖို့ လုံခြုံရေးယူပေးတဲ့သဘောပါ။ တိုက်ခိုက်ခံရမယ်စိုးလို့ မြို့ ပတ်ဝန်းကျင်ကို ဗုံးကျဲသွားတာ၊ ရဟတ်ယာဉ်ပေါ်မှာက ၂ စီးဆိုတော့ အယောက် ၆၀ လောက်ပါ မယ်။ ထီးလင်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအကုန်လုံးကို အချိန်းအပြောင်းလုပ်တာပါ” ဟု ယောအလင်း တန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထီးလင်းမြို့ပေါ်၌ စစ်သား ၁၂၀ ခန့်ရှိပြီး ယင်း စစ်သားအားလုံးနီးပါးကို အပြောင်းအလဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပထမ အသုတ်အဖြစ် ဇန်နဝါရီလ ၇ ရက်နေ့က Mi 17 စစ်ထောက်ပို့ ရဟတ်ယာဥ် ၂ စီး ဆင်းသက်ကာ အပြောင်းအလဲ လုပ်ဆောင်ခဲ့ပြီး ယခုဆင်းသက်မှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်တပ်ရဟတ်ယာဉ် ၂ စီး ပြန်တက်သွားပြီးပြီးချင်း တံတားဦးမှ တက်လာသော Y12 လေ ယာဉ်ဖြင့်လည်း ထီးလင်းမြို့ ပတ်ဝန်းကျင်ကို ဗုံးများစွာ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ ကြောင့် ယနေ့ တစ်ရက်တည်း ထီးလင်းမြို့ပတ်ဝန်းကျင်ကို လေကြောင်းဖြင့် ၁၀ ကြိမ်မနည်း လှည့်ပတ်ပျံ သန်းကာ ဗုံးများစွာကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ Mi-17 ထောက်ပို့ ရဟတ်ယာဉ် ၁ စီး။




