ရန်ကုန်၊ ဇန်နဝါရီ ၁၀
ပဲခူးတိုင်း၊ နတ်တလင်း ခရိုင်နှင့် သာယာဝတီခရိုင်ရှိ အကြမ်းဖက် စစ်တပ် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့ အဝင်လမ်းများကို စစ်တပ်က မြေတူးစက်များဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် အထိုင်ချတပ်စွဲထားသော စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနှင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တို့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိများလည်း များပြားခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များက မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာအုပ်ချုပ်မှူး ရန်မျိုးဝင်း (ခေါ်) ယမင်း နေအိမ်ကိုလည်း ဝင်ရောက် ရှင်းလင်းခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း ၂ အတွက် ပြင်ဆင်ထားသော မဲပုံး နှင့် မဲစာရင်းများကို တွေ့ရှိရသောကြောင့် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် ဇီးကုန်းမြို့ နှင့် ကြို့ပင်ကောက်မြို့ အဝင်လမ်းများကို မြေတူးစက်များဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း၊ ထိုသို့ ဖျက်ဆီးမှု ပြုလုပ်နေစဉ်တွင်လည်း သေနတ် ပစ်ဖောက်ခြင်းများပါ လုပ်ဆောင်သွားကြောင်း သိရသည်။
“စစ်ခွေးတွေ ကြောက်နေတာ မြင်မကောင်းဘူး။ PDF တွေက သူတို့ တပ်စခန်းတွေနဲ့ အထိုင်ချထားတဲ့ နေရာတွေကို ဝင်တိုက်ထားတော့ သူတို့လည်း တိုက်ခံရမှာကို ကြောက်လန့်ပြီး မြို့ဝင်လမ်းတွေကို လာဖျက်သွားတာ သူတို့ လမ်းကိုဖျက်နေတဲ့ အချိန် သေနတ်ပစ်ဖောက်သံတွေလည်း ကြားခဲ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးရွာ မဲရုံတွင်လည်း ပြည်သူများက လာရောက် မဲမပေးမည်ကို စိုးရိမ်သောကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ပြီး ကြိုတင်မဲကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း၊ အလားတူ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကျေးရွာများတွင်လည်း အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများက ကြိုတင်မဲများ လိုက်လံ ကောက်ခံနေကြောင်း သိရသည်။
“အုပ်ကြီးနဲ့ ပျူစောထီးတွေ ဦးဆောင်ပြီး ကြိုတင်မဲကောက်နေတာ လူတွေလည်း အကောင်းကြီးပါ မဲပေးရမယ့်နေ့မှ လာပါ့မယ်ပြောလည်းမရဘူးတဲ့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်မဲလာယူတာဆိုပြီး အတင်း အဓမ္မကို မဲထည့်ခိုင်းတာ ကြံ့ဖွတ်ကိုပဲပေးဆိုပြီး အုပ်ကြီးတွေကိုယ်တိုင်က နှိပ်ခိုင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ တော်လှန်ရေးတပ်ဖွဲ့များသည် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ တောကျွဲအင်းမြို့ အပါအဝင် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၅၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။






