ရန်ကုန်၊ ဇူလိုင် ၈
စစ်ကိုင်း-ရွှေဘို-ဝက်လက် လမ်းပိုင်းတွင် ဇူလိုင်လ ၇ ရက်နေ့၌ အကြမ်းဖက် စစ်တပ် စစ်သားများ လိုက်ပါလာသည့် ကားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် တပ်သား အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု Ghost Rider Special Task Force (Burma) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
နံနက် ၅ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းမှ ရွှေဘိုသို့ ထွက်ခွာလာသော စစ်သားများ တင်ဆောင်လာသည့် အပြာရောင် မှန်လုံကားကို လှတောနှင့် ဘုန်းဘွဲ့ရွာကြားတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကားမှန်များကွဲကာ စစ်သား ၁၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဝက်လက်မှ ရွှေဘိုသို့ ထွက်ခွာလာသော စစ်သားများ လိုက်ပါလာသည့် ဖောကား ၁ စီးနှင့် အရာရှိကားဟု ယူဆရသော အိမ်စီးကား ၁ စီးကို မိုင်း ၆ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အိမ်စီးကား ခေါင်းပိုင်းကို ထိမှန်ကာ စုတ်ပြတ်သွားကြောင်း သိရသည်။
ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမှ စစ်ကိုင်းသို့ ပြန်လာသည့် အပြာရောင် မှန်လုံကားကို ထပ်မံ တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ကျွဲဇင်ရွာနှင့် စိုင်းနိုင်ကြီးအကြားတွင် စစ်သားများ လိုက်ပါလာသော ဖောကား ၁ စီးနှင့် အိမ်စီးကား ၂ စီးကို မိုင်း ၆ လုံးဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အိမ်စီးကား ထိခိုက်ပျက်ဆီးကာ အရာရှိတစ်ဦးအပါအဝင် စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Ghost Rider Special Task Force (Burma) တပ်ဖွဲ့နှင့် နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ ထွက်ခွာလာသော စစ်သား စစ်တပ် အရာရှိ ၁ ဦးနှင့် တပ်သား ၁၅ ဦးလိုက်လာပါသော NOAX-5I 9446 အဖြူရောင် ကားတစ်စီးကို ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း Farmers Revolution Force FRF (CHU) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Farmers Revolution Force FRF (CHU) တပ်ရင်းနှင့် မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA- စစ်ကိုင်းခရိုင် တပ်ရင်း ၅) တို့က ပဒေသာမိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး Zarmini MMU (စစ်ကိုင်းခရိုင် တပ်ရင်း ၁) နှင့် Chaung U Revolution Army (CRA-1) တို့မှလည်း ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။