ရန်ကုန်၊ ဇူလိုင် ၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စိုင်ဖြူကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဝင်ရောက်မီးရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် ပခုက္ကူမြို့နယ် ရှားဒူးကျေးရွာကို မီးရှို့ပြီးနောက် နံနက် ၁၁ နာရီအချိန်တွင် စိုင်ဖြူကျေးရွာကိုပါဆက်လက်မီးရှို့နေခြင်းဖြစ်ကြောင်း၊ စိုင်ဖြူကျေးရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လက်ရှိတွင် မီးလောင်သွားသည့် အိမ်ခြေအရေအတွက် မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ရှားဒူး ရွာကို မနက်ပိုင်းကမီးရှို့ပြီးတော့ စိုင်ဖြူရွာကို ထပ်ရှို့ပါတယ်။ မနေ့က ညနေ ၃နာရီကတည်းက စစ်တပ်က စိုင်ဖြူရွာကို ဆိပ်ဖြူမြို့နယ် ဆိုက်ခမ်းကျေးရွာကနေ ယောချောင်း ကို လှေနဲ့ကူးပြီး စိုင်ဖြူရွာ ဘုန်းကြီးကျောင်းမှာ လာတပ်စွဲတာ။ စိုင်ဖြူရွာကို မနက် ၁၁ နာရီလောက်က စရှို့တယ်။ ရွာသူ ရွာသားတွေကတော့ မနေ့ကတည်းက စားစရာမပါဘဲ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယနေ့ နံနက်ပိုင်း ရှားဒူးကျေးရွာကို မီးရှို့သဖြင့် အိမ်ခြေ ၁၈၅ အိမ် ပြာကျသွားကြောင်း ၊ လက်ရှိတွင် ဒေသခံများမှာ ရွာထဲသို့ မပြန်ရဲဘဲ နီးစပ်ရာ တောတောင်များတွင် ပုန်းခိုနေရကြောင်း သိရှိရသည်။
စစ်တပ်က ဇွန်လ ၉ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ တောင်ဘလူရွာမှ နေအိမ် ၁၅၇ လုံး ၊ အရှေ့ကမ်းဖြူကျေးရွာမှ နေအိမ် ၄၂ လုံး ၊ဒဲ့ပြာကျေးရွာမှ နေအိမ် ၁၆ လုံးကို မီးရှို့ခဲ့ပြီး အဆိုပါကျေးရွာများမှ ပြည်သူများအားလုံး ထွက်ပြေးနေရကြောင်း ပခုက္ကူမြို့နယ်မှ စစ်ဘေးရှောင်ကူညီရေး ဆရာတော်တစ်ပါးက မိန့်ကြားသည်။
ဓာတ်ပုံ- ပခုက္ကူ၊ စိုင်ဖြူကျေးရွာကို စစ်တပ်က မီးရှို့နေစဉ်။