25 C
Yangon

ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်ကျော်စွာနှင့်အဖွဲ့က စစ်လေယာဉ်များဖြင့် ကုန်ပစ္စည်းနှင့်ခရီးသည်များတင် ကိုယ်ကျိုးရှာ စီးပွားရှာနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်ကျော်စွာနှင့်အဖွဲ့က စစ်လေယာဉ်များဖြင့် ကုန်ပစ္စည်းနှင့်ခရီးသည်များတင် ကိုယ်ကျိုးရှာ စီးပွားရှာနေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၏ တပ်မှူးတစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စွာနှင့် အဖွဲ့သည် စစ်တပ်ပိုင် လေယာဉ်များပေါ်တွင် စစ်သည်များ၏ ပစ္စည်းများကို အတင်မခံဘဲ ပြည်သူများကိုမူ ငွေကြေးတောင်းခံကာ စစ်တပ်ပိုင်လေယာဉ်ပြေးဆွဲ၍ ကိုယ်ကျိုးရှာ စီးပွားရှာနေကြောင်း၊ ဟုမ္မလင်းမြို့သို့ တပ်လေယာဉ်ဖြင့် လိုက်ပါစီးနင်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၃ သိန်းတောင်းကြောင်း ၊ အဆိုပါ ငွေကြေးများကို လေတပ်အုပ်ချုပ်ရေးအဖွဲ့နှင့် တပ်နယ် G2 တို့ ပူးပေါင်းကာ အောက်ခြေစစ်သားများနှင့် ပြည်သူများအပေါ် အမြတ် ထုတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဟုမ္မလင်းလေတပ်က အုပ်ချုပ်ရေးတပ်မှူး စီးပွားရေးသောင်းကျန်းနေတယ်။ အောက်က စားသုံးကုန်တွေကို လေယာဉ်နဲ့ တင်လာပြီး ဟုမ္မလင်းမှာ ပြန်ရောင်းတယ်။ လေယာဉ်စီးချင်ရင် တပ်နယ်မှာ စာရင်းလာပေးခိုင်းတယ်။ ငွေတောင်းတယ်။ ငွေမပေးနိုင်ရင် အမျိုးမျိုးပြောတယ်”ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ယခု ဇန်နဝါရီလ ရက်ပိုင်းအတွင်း မိတ္တီလာ ရှမ်းတဲလေတပ်စခန်းမှ ဟုမ္မလင်းသို့ လိုက်ပါမည့် ကျောင်းဆရာမတချို့ကိုလည်း ဒုဗိုလ်မှူးကြီး အောင်ကျော်စွာနှင့်အဖွဲ့က လေယာဉ်ပေါ်သို့ လိုက်ပါစီးနင်းခွင့် မပြုခဲ့သဖြင့် ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကျောင်းဆရာမများ အပါအဝင် ပြည်သူများထံမှ လေယာဉ်စီးနင်းခ တောင်းခံခြင်းသာမကဘဲ လေယာဉ်ဖြင့် သယ်လာသည့် စားသုံးကုန်ပစ္စည်းများကိုလည်း ဟုမ္မလင်းမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အမြတ်တင် ရောင်းချခြင်းဖြင့် လေတပ်မှ ဒုဗိုလ်မှူးကြီး အောင်ကျော်စွာနှင့်အဖွဲ့ စီးပွားဖြစ်နေကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်ကို လေတပ်အတွင်း အထက်လူကြီးများ သိရှိသော်လည်း အမျိုးမျိုးသောအကြောင်းများပြကာ လိမ်လည်တင်ပြခြင်း၊ တပ်လေယာဉ်ကို ၎င်းတို့နှင့် နီးစပ်ရာ ဆွေမျိုးများကိုသာ ဦးစားပေးတင်ဆောင်ခြင်းနှင့် အောက်ခြေဝန်ထမ်းများအပေါ် ဖိနှိပ်ခြင်းများ လုပ်ဆောင်နေကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article