25 C
Yangon

ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခမရ ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Ye Guerrilla Force-ရေးပြောက်ကျားတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော်)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရေးမြို့နယ် စကခ (၁၉) လက်အောက်ရှိ ကျောင်းရွာစံပြကျေးရွာတွင် အခြေစိုက်သော ခမရ၅၉၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၃ ဦးသည် သေနတ် ၂ လက်ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန ၊ နည်းဗျူဟာ ၃၃ ၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးမှာ အောင်ဆန်းလင်း ၊ ခင်မောင်စိုး နှင့် ဇီလေးတို့ဖြစ်ပြီး အကြမ်းဖက် စစ်တပ်က အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရသူများဖြစ်ကြောင်း၊ ထိုတပ်သားသစ်များသည် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဥ် ၁၆ နှင့်အမှတ် ၁၁ တန်းမြှင့်သင်တန်းကျောင်း အပတ်စဥ် ၁၆ သင်တန်းဆင်းများဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာသူ ၂ နှစ်ဦးက ဝဲကလိသင်တန်းကျောင်းကပါ။ ကျန် ၁ ဦးကတော့ အမှတ် ၁၁ တန်းမြှင့်သင်တန်းကျောင်းကပါ။ ထားဝယ်မှာ နေထိုင်သူ ၂ ဦးနဲ့ နောက်တစ်ဦးက ရှမ်းပြည်ကပါ။ ၃ ဦးလုံးက ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ”ဟု Ye Guerrilla Force-ရေးပြောက်ကျားတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော်)မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် အလင်းဝင်ရောက်လာသူ ၃ ဦးသည် MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခု နှင့် ကျည် ၄၈ တောင့်တို့လည်း ယူဆောင်လာကြောင်း၊ အလင်းဝင်ရောက်လာသူများကိုလည်း နွေးထွေးစွာကြိုဆို ဂုဏ်ယူကြောင်းနှင့် အတင်းအဓမ္မစစ်မှုထမ်းခံမည့်အစား ပြည်သူ့ကာကွယ်ရေးတပ်မတော်ထဲကို ဝင်ပြီး တော်လှန်ရေး အမြန်ပြီးဆုံးအောင် ဝိုင်းဝန်းတွန်းလှန်ကြရန် Ye Guerrilla Force-ရေးပြောက်ကျားတပ်မှ တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ်က တိုက်တွန်းထားသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ရေးမြို့နယ် ကိုးမိုင်ကျေးရွာ အခြေစိုက် ခလရ၂ ၉၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦးနှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စကခ ၁၉ မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ယူဆောင်လာခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန၊နည်းဗျူဟာ(၃၃)၊ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article