27 C
Yangon

ရခိုင်မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လူများကို အတင်း အဓမ္မ နှင်ထုတ်ခြင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ဟု စစ်တပ်ကိုယ်စားလှယ်များက ICJ တရားရုံးတွင် ခုခံ လျှောက်လဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရခိုင်မြောက်ပိုင်းတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လူများကို အတင်း အဓမ္မ နှင် ထုတ်ခြင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ဟု စစ်တပ်ကိုယ်စားလှယ်များက ICJ တရားရုံးတွင် ခုခံ လျှောက်လဲကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ အကြမ်းဖက်စစ်တပ်၏ ကိုယ်စားလှယ် ကိုကိုလှိုင်နှင့် ငှားရမ်းထားသော ရှေ့နေ နိုင်ငံခြားသားများက ထိုသို့ လျှောက်လဲကြခြင်းဖြစ်သည်။

အကြမ်းဖက် စစ်တပ်၏ ကိုယ်စားလှယ် ကိုကိုလှိုင်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီမွတ်ဆလင်များမှာ ဗြိတိသျှကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံသို့ ဘင်္ဂလားနယ်မှ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် ဤအမှုတွင် အဓိကအားပြု၍ ကိုးကားအသုံးပြုထားသည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (Fact Finding Mission (FFM)) ၏ အစီရင်ခံစာများနှင့် ၎င်းက စုဆောင်းကောက်ယူထားသည့် ထွက်ဆိုချက်များသည် တရားရုံးက ထည့်သွင်းစဉ်းစားသင့်သည့် သက်သေအဆင့်အတန်းမမီပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(Independent Investigative Mechanism for Myanmar(IIMM)) သည် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအတွက် သက်သေစုဆောင်းမည့်အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည့်ကာလအတွင်း ယခုအမှုအတွက် သက်သေထွက်ဆိုချက် ၄၂ခုသာ ထောက်ပံ့ပေးနိုင်ပြီး ယင်းတို့အနက် ဂမ်ဘီယာက ၁၂ ခုကိုသာ ကိုးကားထားကြောင်း၊ မြန်မာအနေဖြင့် အထက်ပါအဖွဲ့အစည်းနှစ်ခုလုံးကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော်လည်း ဂမ်ဘီယာ၏ သက်သေအကိုးအကားများကို ချေဖျက်ရုံမျှသာ ကိုးကားဖော်ပြခြင်းဖြစ်ကြောင်း ချေပလျှောက်လဲသည်။

စစ်တပ်ကိုယ်စားပြု နိုင်ငံခြားသားရှေ့နေ Mr. Christopher Staker က ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် ARSA ၏ တိုက်ခိုက်မှုအပေါ် မြန်မာ့တပ်မတော်နှင့် နယ်ခြားစောင့်ရဲများက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို မြန်မာအခေါ် “နယ်မြေရှင်းလင်းရေး” ဖြစ်ကြောင်း၊ အဆိုပါနယ်မြေရှင်းလင်းရေးတွင် အကြမ်းဖက်သမားများအား ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ခုခံချေပသည်။

မြန်မာစစ်တပ်၏ ​ရှေ့​နေ Prof. Alina Miron လူဦးရေကို အတင်းအဓမ္မနှင်ထုတ်ခြင်း သို့မဟုတ် ethnic cleansing သည် လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်ကြောင်း တရားရုံးတွင် ထွက်ဆိုသည်။

ဂမ်ဘီယာအနေဖြင့် FFM နှင့် IIMM တို့၏ အစီရင်ခံစာများကိုသာ ကိုးကား၍ တရားရုံးတွင် တင်ပြနေပြီး သက်သေမပြနိုင်ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်ကြောင်း ဂမ်ဘီယာက သက်သေပြရန် တာဝန်ရှိကြောင်း မြန်မာစစ်တပ်၏ ကိုယ်စားလှယ်များက ICJတရားရုံးတွင် တင်ပြကြသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၃၀,၀၀၀ ခန့် အိမ် နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး၊ ထိုစစ်ဆင်ရေးတွင် “လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့် လုပ်ရပ်များ” ပါဝင်နေကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ကောက်ချက်ချခဲ့သည်။

မြန်မာနိုင်ငံကမူ ဤတွေ့ရှိချက်များသည် “ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေသည်” ဟု ပယ်ချခဲ့ကာ၊ ၎င်းတို့၏ နှိမ်နင်းမှုမှာ တိုက် ခိုက်မှုများ ပြုလုပ်ခဲ့သည့် သူပုန်များကိုသာ ရည်ရွယ်ခြင်းဖြစ်သည်ဟု ငြင်းဆိုထားသည်။

အဆိုပါအမှုကို ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) အရ တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါ စာချုပ်အရ လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ “နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စု တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်သော လုပ်ရပ်များ” ကို ဆိုလိုခြင်းဖြစ်သည်။

တရားလို ဂမ်ဘီယာနိုင်ငံနှင့်အတူ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကေနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၁ ခုက တရားလိုနိုင်ငံများ အဖြစ် ပူးပေါင်းပါဝင်လာကြသည်။

ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုး တုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ နိုင်ငံတကာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော အမှုဆိုင်ရာ ကြားနာမှုများနှင့် ပတ်သက်၍ အကြမ်း ဖက် စစ်တပ်၏ တင်ပြချက်များသည် မြန်မာပြည်သူများ၏ ဆန္ဒကို ကိုယ်စားမပြုကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article