တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၃ စီး၊ လှေ ၂ စီး၊ လှေငယ် ၁ စီး၊ ဖိုင်ဘာငယ် ၁ စီး ပါဝင်သော ရေယာဉ် အုပ်စုသည် ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု၊ ကျောက်တန်းငယ်ကျေးရွာဘက်သို့ မန်းကြီးမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာသောကြောင့် ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ ယင်းနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းတပ်သည် အင်အား ထပ်မံဖြည့်တင်းကာ ကျွန်းစုမြို့နယ် အတွင်း ပြန်လည်ဝင်ရောက်လာကြောင့် ယင်းနေ့တွင် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျောက်တန်းငယ်ကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်အားများ ထပ်မံဖြည့်တင်းပြီး ကျွန်းစုမြို့နယ် အတွင်းကို ကံမော်၊ ချောင်းကြီးဝနှင့် အုတ်ဖိုမော်ဘက်တို့မှ စစ်သင်္ဘော ၅ စီး၊ သားပေါက်လှေကြီး ၄ စီး သစ်လှေငယ် ၁စီး တို့ဖြင့် ထပ်မံဝင်ရောက်လာခဲ့ရာ ထိတွေ့တိုက်ပွဲ့များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ ရေတပ်နှင့် ပျူစောထီးများသည် ကျောက်တန်းငယ်ရွာ၌ နေရာယူကာ တော်လှန်ရေးတပ်ဖွဲ့များကို ဒရုန်းများ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေးရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ကျောက်တန်းငယ်၊ အောက်ကြတ်တန်း၊ မန်းကြီးနှင့် ဝန်သိုက်ကျေးရွာများကို ဝင်ရောက်မွှေနှောက်ကာ ပြည်သူပစ္စည်းများကို မွှေနှောက် ယူဆောင်သွားပြီး ကျေးရွာများကိုလည်း ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပကဖ နှင့်အတူ မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၊ မြိတ်မြို့နယ် ပကဖ၊ တနင်္သာရီမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။




