ရန်ကုန်၊ ဇန်နဝါရီ ၂၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Farmer Heroes Khin U အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူစောထီးရွာတွင် စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချ တပ်စွဲထားသော စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ခင်ဦးမြို့နယ်၊ ပြင်ထောင်ပျူစောထီးရွာမှာ အကြမ်းဖက် စစ်ခွေးနဲ့ ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားသော စခန်းကို မဟာ မိတ် ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲစခန်းမှာ စစ်ခွေး အင်အားကတော့ ၇၀ ဝန်းကျင်လောက်ရှိမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ တိုက်ခိုက်တာ သူတို့ သွေးပျက်နေတဲ့ အခြေအနေပဲ။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ သံချောင်းတီးပြီး အချက်ပေးသံတွေလည်း ရွာထဲမှာ ဆူညံသွားတယ်လို့ သိရတယ်။ ကင်းကျနေတဲ့ ပျူတွေနဲ့ စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာမျိုးတော့ရှိပါတယ်” ဟု Farmer Heroes Khin U အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Farmer Heroes Khin U (ခင်ဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့) ၊ စွန်ညို(ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့) ၊ ၅/မဟူရာကျွဲရိုင်း(ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ရှိ စစ်တပ်အထိုင်ချစခန်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၂ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးနယ်မြေ အမှတ် ၂ ၊ တပ်မဟာ ၃ KNLA တပ်ရင်း ၉ နယ်မြေအတွင်းရှိ စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ROBIHHOOD Missile Team က ထုတ်လုပ်ထောက်ပံ့သည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ၊ ပဲခူးခရိုင် အမှတ် ၂ P2 – 3702 တပ်ရင်း ၊ သာ ယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့ တို့ ပူး ပေါင်းလုပ်ဆောင်ခဲ့ပြီး သာယာဝတီမြို့နယ် ဂဠုန်တပ်ဖွဲ့ က ပဲခူးတိုင်းတွင် မဟာမိတ် တပ်ရင်း တပ်ဖွဲ့များနှင့် ပူးပေါင်း စစ်ရေးဖော်ဆောင်မှုများ လုပ်ဆောင်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကရင်နီတွင် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက် ခိုက် ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




