25 C
Yangon

မိုးကုတ်တွင် စစ်တပ်နှင့် Non CDM ဝန်ထမ်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြင်းခြံတွင်လည်း မဲရုံစောင့် ပြည်သူစစ် ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

Must read

ရန်ကုန်၊ ဇန်နဝါရီလ ၂၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်တွင် ပြည်သူလူထုကို အတင်းအကြပ် စစ်ဆေးနေသည့် စစ်တပ်နှင့် Non CDM ဝန်ထမ်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးကုတ်အခြေစိုက် ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် မိုးကုတ်မြို့အရှေ့ပိုင်း၊ ချမ်းသာကြီး အောက်ဖက်ရှိ စစ်တပ်နှင့် Non CDM ဝန်ထမ်းများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လမ်းမပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ သို့သော်လည်း လက်နက် ကြီးပေါက်ကွဲသံကို မြို့နေပြည်သူများ ထင်ထင်ရှားရှား ကြားသိလိုက်ရကြောင်း သိရသည်။

“ချမ်းသာကြီးဘက်မှာ ခိုကပ်နေတဲ့ Non CDM ဝန်ထမ်းတွေကို ကြိုဆိုတာလို့ ပြောတယ်။ အသံကအ တော်ကျယ်တယ်။ အိမ်ပါတုန်တာ။ ညဘက်ဆိုတော့ မှောင်မည်းနေတာ၊ ဘယ်သူမှလည်း မသွားရဲဘူး။ လမ်းမပေါ်ကျတာဆိုတော့ လူထိခိုက်မှုမရှိပါဘူး။” ဟု မိုးကုတ်အခြေစိုက်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မိုးကုတ်မြို့တွင်းတွင် စစ်တပ်က စစ်ဆေးရေးတင်ကျပ်ထားပြီး ဆိုင်ကယ်တူးဘောက်တွေပါ ဖွင့်၍ စစ်ဆေးနေကြောင်း၊ ထိုကြောင့် မိုးကုတ်မြို့နေပြည်သူများအနေဖြင့် စစ်တပ် ဂိတ်များကို ဖြတ်သန်းသွားလာရာတွင် သတိထားစေလိုကြောင်း တော်လှန်ရေးတပ်ဖွဲ့များ က သတိပေးတိုက်တွန်းထားသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် မဲရုံစောင့်ရင်း အပြင်ထွက်လာသော စစ်တပ်လက်အောက်ခံ ပြည်သူ့ စစ် ၁ ဦးကို ကာဘိုင် သေ နတ် ၁ လက်၊ ကျည်ခဲယမ်းများနှင့်အတူ မြို့ပေါ်တွင် ဖမ်းဆီးရရှိကြောင်း Myingyan Twenty one Guerilla Force – MTGF အဖွဲ့မှ Jokerက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“ဖမ်းဆီးရမိတဲ့သူကို ဒီနေ့ နံနက်မှာပဲ ဖမ်းမိခဲ့တာပါ။ မြို့ပေါ်မှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ သတင်းအတိအကျ ရထားတဲ့အတွက် သူ့ကိုရအောင် ဖမ်းဆီးခဲ့တာပါ။ ခုခံဖို့အတွက်ကတော့ ကြိုးစားဖို့တော့ သူရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘက်က အခွင့်အရေး မပေးခဲ့ဘူး။ ကျွန်တော်တို့ ကြိုတင်ပြီး စောင့်နေတဲ့ အပိုင်းနဲ့ ဖြစ်တာဆိုတော့ သူ့ဘက်က ဘာမှ ပြင်ဆင်ချိန်မရလိုက်တဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ ရရှိလိုက်တာပါ။ ၁ ဦးထဲ ဖမ်းဆီးရမိခဲ့တာပါ။ ကာဘိုင် သေနတ် ၁လက်၊ ကာဘိုင်ကျည် ၅၃တောင့်၊ လက်ထိပ်တစ်ကွင်း ဖုန်း ၁လုံး၊ ငွေသား၂သောင်းကျော် ရပါတယ်။ ကျွန်တော်တို့ အပေါ်ကိုပဲ စာတင်ထားပါတယ်။ အပေါ်ကနေပြီးတော့ ကျွန်တော်တို့ NUG ဘက်ကနေ ချမှတ်ထားတဲ့ ပုံစံ အတိုင်းပဲ ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု Myingyan Twenty one Guerilla Force – MTGF အဖွဲ့မှ Jokerက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုကို မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း၊တပ်ခွဲ ၁ ဖြစ်တဲ့ Myingyan Twenty one Guerilla Force နှင့် TFM ၊TLK ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article