25 C
Yangon

တောင်ကြီးတွင် နေထိုင်သော ကိုအောင်ကျော်မင်းကို စစ်တပ်က ဖမ်းဆီးပြီး ငွေကျပ်သိန်း ၂၀၀ မပေးနိုင်၍ စစ်တပ်ထဲ ပို့ဆောင်ခဲ့ဟုဆို၊ ရွှေတောင်တွင်လည်း စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်း ပို့ဆောင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နေထိုင်သော ကိုအောင်ကျော်မင်းကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၂၀၀ မပေးနိုင်၍ စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း Yaw Revolution Army-ထီးလင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထီးလင်းမြို့သို့ Mi-17 ဖြင့် ပို့ဆောင်ခံခဲ့ရသော ခမရ ၃၁၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သား အောင်ကျော်မင်းသည် ဂန့်ဂေါခရိုင်တပ်ရင်း ၁၅၊ ၁၆၊ ၁၇ -YRA ထီးလင်းထံသို့ MA-3 သေနတ် ၁ လက် ယူဆောင်လာကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ကိုအောင်ကျော်မင်းသည် တောင်ကြီးမြို့တွင် နေထိုင်သူဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ကိုအောင်ကျော်မင်းကို အကြမ်းဖက် စစ်တပ်က ငွေကျပ် သိန်း ၂၀၀ ဖြင့် ပြန်ရွေးခိုင်းပြီး ငွေကြေးပေးနိုင်ခြင်း မရှိသောကြောင့် ကျိုင်းတုံမြို့ ၊ အမှတ် ( ၁၁ ) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းကို ပို့ဆောင်ခဲ့ပြီး စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းတက်ရောက်ခဲ့ရကြောင်း သိရှိရသည်။

“သူက ၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရတာလို့ သိရတယ်။ ပေါ်တာစွဲခံရတဲ့အချိန်မှာ သိန်း ၂၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ မရွေးနိုင်လို့ တပ်ထဲကိုထည့် လိုက်တာလို့ သိရတယ်။ စစ်မှုထမ်း သက်တမ်း ၉ လ ပဲရှိသေးတယ်။ သူက စစ်မှုထမ်း အပတ်စဉ် ၁၂ ကပါ။ ကျိုင်းတုံ တတခ ၁၁ မှာ စစ်သင်တန်းတက်ရောက်ခဲ့တာပါ။ တောင်ကြီးမြို့မှ နေထိုင်တာလို့ ကျနော်တို့ စစ်ဆေးမေးမြန်းစဉ် ပြောဆိုပါတယ်” ဟု Yaw Revolution Army-ထီးလင်း မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်တွင်လည်း စစ်မှုထမ်းလစဉ်ကြေးမပေးနိုင်သော ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေတောင်မြို့နယ်၊ တွင်းဗြဲရွာတွင် နေထိုင်သော အသက် ၃၀ နှစ်အရွယ် ကိုမိုးဆန်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တွင်းဗြဲရွာ လူကြီးနှင့် ရွှေတောင်မြို့နယ် တရုတ်မှော် ရဲကင်းမှ အကြမ်းဖက် စစ်သားများက စစ်မှုထမ်း လစဉ်ကြေးမပေးခြင်းကြောင့် နေအိမ်ထဲထိ ဝင်ရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားသော ကိုမိုးဆန်းသည် နေ့စား အလုပ်လုပ်ကိုင်ပြီး ဇနီးသည်နှင့် ကလေးငယ် ၃ ဦးကို ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ကိုမိုးဆန်းကို အကြမ်းဖက် စစ်တပ်က ရွှေတောင်မြို့ ခလရ ၁၄ တပ်ရင်းထဲတွင် ဖမ်းဆီးထားပြီး လက်ရှိချိန်တွင် စစ်သင်တန်းကျောင်း ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“တွင်းဗြဲရွာမှာ နေထိုင်တဲ့ ကိုမိုးဆန်းကို စစ်မှုထမ်း လစဉ်ကြေး မပေးနိုင်လို့ဆိုပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေက နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားတာ အဲ့ကောင်လေးက မရှိလည်းမရှိရှာပါဘူး။ ပေါက်ခေါင်းဘက်ကနေလာပြီးအိမ်ထောင်ကျတာ အခုသူ့ကိုဖမ်းသွားတော့ သူ့မိန်းမနဲ့ ကလေးသုံးယောက်ကျန်ခဲ့တယ်။ မိသားစုတွေ ဒုက္ခရောက်ပြီပေါ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော တောင်ကြီးမြို့တွင် နေထိုင်သည့် ကိုအောင်ကျော်မင်းနှင့် ရွှေတောင်မြို့နယ်တွင် နေထိုင်သည့် ကိုမိုးဆန်း

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article