25 C
Yangon

မင်းတုန်းမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၂ ခုကို ဝင်ရောက်စီးနင်းပြီး ပြည်သူများ လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ထန်းလေးပင်ရွာနှင့် ဝက်ကော်ရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး နေအိမ် ၅၀ ကို မီးရှို့ဖျက်ဆီးကာ ကျေးရွာ ၆ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ပြီး မင်းတုန်းမြို့ပေါ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထန်းလေးပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထန်းလေးပင်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ထန်းလေးပင်ကျေးရွာနှင့် ကပ်လျက်ရှိသော ပြောင်းကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း၊ ယနေ့ ဇန်န ဝါရီလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝက်ကော်ကျေးရွာကို ထပ်မံဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ထန်းလေးပင်ရွာနှင့် ဝက်ကော်ရွာရှိ နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် မင်းတုန်းမြို့နယ်အတွင်းရှိ ပြောင်းကျေးရွာ၊ သီးပင်ကုန်းကျေးရွာ၊ ထန်းလေးပင်ကျေးရွာ၊ သဖန်ရောင်ကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် ဝက်ကော်ကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ဇန်နဝါရီလ ၂၁ ရက်နေ့က စပြီး မင်းတုန်းမြို့ပေါ်ကနေ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ခွေးစစ်ကြောင်းက ထန်းလေးပင်ရွာနဲ့ ဝက်ကော်ရွာဘက်ကို စစ်ကြောင်းထိုးလာတာ အဲ့စစ်ခွေးစစ်ကြောင်းက ၂၂ ရက်နေ့မှာ ထန်းလေးပင်ကျေးရွာကို ဝင်ရောက်ပြီး နေ့လည် ၃ နာရီလောက်မှာ မီးရှို့သွားတယ်။ အဲ့ရွာမှာက အိမ်ခြေ ၁၀၀ကျော်ရှိပြီး ခန့်မှန့်ခြေ နေအိမ် ၁၀ လုံးလောက် မီးလောင်သွားတယ်လို့ ကြားရတယ်။ ပြည်သူတွေကိုလည်း လူသားဒိုင်းဆိုတာမျိုးထက် ကာကွယ်ရေးအဖွဲ့တွေ အလွယ်တကူဝင်တိုက်လို့မရအောင် ဖမ်းထားတာပါ။ အဲ့နေ့မှာ စစ်ခွေးတွေက ထန်းလေးပင်ကျေးရွာကို မီးရှို့ပြီးတော့ အဲ့ရွာနဲ့ ကပ်လျက်ရှိတဲ့ ပြောင်းကျေးရွာမှာ ညအိပ်တပ်ဆွဲပြီးတော့ ဒီနေ့မနက် ၆ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ထုပြီး ဝက်ကော်ရွာကို ဝင်မီးရှို့တာ ဝက်ကော်ရွာက အိမ်ခြေ ၁၀၀ ကျော်ရှိတာကို တစ်ရွာလုံးနီးပါး မီးရှို့ခံလိုက်ရတယ်။ ခန့်မှန်းခြေ နေအိမ် ၄၀ ကျော် ၅၀ ဝန်းကျင်လောက် မီးလောင် ပျက်စီးနိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် လက်ရှိချိန်တွင် ပြောင်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် သီးပင်ကုန်း ကျေးရွာတွင် တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဝက်၊ ကြက်များကို သတ်ဖြတ် စားသောက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများ၊ ရိက္ခာများနှင့် ကားများကို ခိုးယူလုယက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article