ရန်ကုန်၊ ဇန်နဝါရီ ၂၅
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်ကျခံနေရခြင်းမှာ နိုင်ငံရေးအမှု ဆို သည်ထက် လာဘ်ပေးလာဘ်ယူမှုနှင့် ရာဇဝတ်မှုများဖြစ်ကြောင်း စစ်တပ်၏ ပြောရေး ဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ မြ၀တီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း အကြမ်းဖက် ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ ရာဇဝတ်မှုများနှင့်ပတ်သက်နေကြောင်း၊ ထို့ကြောင့် တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်လိမ့်မည်ဖြစ်ကြောင်း အကြမ်းဖက်ဇော်မင်းထွန်းက ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအမှုဆိုတာထက် ကျနော်တို့က ဒါရာဇဝတ်မှုနဲ့ပတ်သက်တာတွေဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူတို့ ဘာတို့ စွဲဆိုခံထားရတာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ပြောချင်တာက တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်ပါလိမ့်မယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်ပြီး သူမ၏ ကျန်းမာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် စစ်တပ် ဆေးအဖွဲ့က ကူညီစောင့်ရှောက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“နံပါတ် ၁ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပါတယ်။ နံ ပါတ် ၂ အချက်ကတော့ ဒေါ်အောငဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျန်း မာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်ဆေးတပ်ဖွဲ့က ပါရဂူတွေရော ၀ိုင်းပြီးတော့မှ ကျနော်တို့ ကူညီစောင့်ရှောက်မှု ပေးနေတယ်။ ဆေးနဲ့ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ အမြဲတမ်းပြုလုပ်နေပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲ မဲလိမ်လည်မှုများ အပါအဝင် စွပ်စွဲချက်များဖြင့် ထောင် ဒဏ် ၂၇ နှစ် ချမှတ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ စွဲချက်အားလုံးကို ငြင်းဆိုထားသည်။




