ရန်ကုန်၊ ဇန်နဝါရီ ၂၅
စစ်ကိုင်းတိုင်း၊ မုံရွာနှင့်စစ်ကိုင်းမြို့ပေါ်တို့တွင် စစ်မှုထမ်းခိုင်းရန်အတွက် လူငယ် ၁၅၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများနှင့်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် အိမ်စီးကားများဖြင့် တစ်ရက်တည်း လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲခဲ့ပြီး အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကိုပို့ဆောင်ခဲ့ကြောင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်အရွယ်မှ အသက် ၃၅နှစ်အရွယ်အတွင်း အမျိုးသားများ ဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တစ်ရက်တည်းထဲကို စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းဆီး လူငယ် ၅၀ကျော်လောက် ဆွဲသွားတယ်။ ညနေပိုင်း ၄နာရီ နောက်ပိုင်း အချိန်ကစပြီး ပေါ်တာဆွဲတော့တာပဲ။ မုံရွာမြို့ပေါ်ရှိတဲ့ လမ်းဆုံ ၊စက်မှုဇုန်တို့မှာ စစ်ခွေးတွေ အိမ်စီးကားတွေနဲ့ ပတ်ပြီး ဆွဲတယ်။ လမ်းဘေးမှာ ကားရပ်ပြီး ပေါ်တာ ဆွဲတာပဲ၊ ကားပေါ်ကပါလာသူ လူငယ်တွေရော အလုပ်ပြန် လူငယ်တွေရောအဆွဲခံရတာ၊ ပြည်ထောင်စုလမ်းပေါ်နဲ့ကမ်းနား စက်မှုဇုန် ဘက်မှာလည်း ပေါ်တာဆွဲတာများတယ်။ ပေါ်တာဆွဲတဲ့ လူငယ်တွေကို မိသားစုတွေနဲ့ တွေ့ခွင်မပေးဘူး။ ပိုက်ဆံနဲ့ ရွေးမယ်ဆိုရင်တောင် စစ်ခွေးက အရွေးမခံဘူး။ လက်ရှိမှာ စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ် ၅၀ကျော်ကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို တစ်ခါတည်း ပို့ဆောင်တယ်” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရှင်းပြသည်။
အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ၆ ရက် ဆက်တိုက် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့မှ ဇန်ဝါရီလ ၁၉ ရက်နေ့အထိ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံတို့တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ပေါ်တာဆွဲဖမ်းဆီးထားသော လူငယ်များကို စစ်ကိုင်းမြို့ပေါ်ရှိ မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရှိရသည်။
“စစ်ခွေးတွေက ၆ ရက်ဆက်တိုက် စစ်ကိုင်းမြို့ပေါ်နှင့် ရပ်ကွက်ထဲကို ညဘက် ဧည့် စာရင်း ဝင်စစ်တယ်။ ပြီးတော့ လူငယ်တွေ ဆိုရင် တစ်ခါတည်း ခေါ်သွားတယ်။ ပြီးတော့ စစ်ကိုင်းမြို့ပေါ်ရှိ လမ်းဆုံနှင့် နံနက်ပိုင်း ညနေပိုင်း အလုပ်သွား အလုပ်ပြန်တဲ့ လူငယ်တွေကို စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းတယ်။ အခု ဖမ်းထားသူတွေကို စစ်ကိုင်းမြို့ပေါ်ရှိ မြို့မရဲစခန်းမှာ အချုပ်ချထားတယ် “ဟု ဒေသပြည်သူများက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ စစ်မှုထမ်းအပတ်စဉ်သင်တန်းများကို လစဉ် ပုံမှန်ဖွင့်လှစ်ခဲ့ပြီး လာမည့် ဖေဖော်ဝါရီလလယ်ပိုင်းတွင် စစ်မှုထမ်းအပတ်စဥ် ၂၂ ကို ဖွင့်လှစ်မည်ဖြစ်သည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအစောပိုင်းကာလ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို တပ်နှင့်ရဲများက ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




