ရန်ကုန်၊ ဇန်နဝါရီ ၂၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နတ်ညွန်း တောင်ရွာနှင့် မြောက်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး နတ်ညွန်း တောင်ရွာနှင့် မြောက်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စတင်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ကျေးရွာအတွင်း ၄ ရက်ကြာ တပ်စွဲထားပြီးနောက် နေအိမ်များကို ထပ်မံ မီးရှို့နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက် မွှေနှောက် ခိုးယူနေကြောင်း သိရသည်။
“စစ်ခွေးတွေ စစ်ကြောင်းက ၂၂ ရက်နေ့တည်းက ရွာထဲက ပြန်မထွက်သေးဘူး။ တပ်စွဲထားပြီး ဒီနေ့ နေအိမ်တွေကို မီးထပ်ရှို့နေတာ အခုထိရှို့နေတုန်းပဲ နတ်ညွန်း တောင်ရွာကော မြောက်ရွာကော တပြိုင်တည်းရှို့နေတာ ပြည်သူတွေလည်း စစ်ဘေးဆက်လက် တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်ရှိချိန်တွင် စစ်ကြောင်းကြောင့် မြင်းခြံမြို့နယ်အတွင်းရှိ လေးဖျက်ခုံရွာ ၊ ပြည်တော်သာရွာ ၊ ဓားကျွန်းရွာ ၊ တန်စောင်းရွာ ၊ နတ်ညွန်းရွာ ၊ အောင်ဆန်းကုန်းရွာ ၊ နတ်ပေးကျွန်းရွာ ၊ ရဲကုန်းရွာ ၊ အောင်ပြည်စိုးရွာ နှင့် ပတ္တာကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဂျိုးပြန်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရဲစခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂျိုးပြန်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကြိုးတန်းရွာကို မီးရှို့ဖျက်ဆီးပြီး ရွာထဲမှ ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ အထိနာပြီး ကမ္မမြို့ ရဲစခန်း အတွင်း ဝင်ရောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ်၊ ဘုရားကြီးကုန်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ကျောက်ပန်းတောင်းလူငယ်ကွန်ရက်က ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်လည်း ဘုရားကြီးကုန်ရွာကို ထပ်မံဝင်ရောက်လာသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်သား၊ ရဲ နှင့် ပျူစောထီးများ ပါဝင်ပြီး ရေဆုံးရွာပျူစောထီး ခေါင်းဆောင်သော ပျူစောထီးများ၊ ပွေးကျစ်တိုက်နယ်အတွင်းရှိ စမ်းပွင့်ရွာ၊ သရက်တောရွာ၊ ဆီးကန့်ရွာ၊ အိမ်အိုရွာ၊ အတာဘတ်ရွာတို့မှ ပျူစောထီးများ၊ ဘိုကုန်းရွာ၊ ကျည်ကုန်းရွာ၊ သဘွတ် ကုန်းရွာ ၊ ညောင်တိုဈေးကုန်းရွာတို့ ပျူစောထီး များ၊ စီပေါက္ကံရွာမှ ငပေါ်၏ လက်အောက်ခံ ပျူစောထီးများပါဝင်ကြောင်း သိရှိရသည်။






