ရန်ကုန်၊ ဇန်နဝါရီ ၂၅
ပဲခူးတိုင်း၊ပြည်မြို့တွင် ဆိုင်နှင့်အဆောက်အအုံများကို လမ်းဧရိယာကျူးသည်ဟုဆိုကာ စည်ပင်နှင့်စစ်တပ်က ဖျက်ဆီးနေပြီး ပြည်ပျက်ယတြာချေသည်ဟု မြို့ခံများအကြား သုံးသပ်ပြောဆိုနေကြသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး ပြည်မြို့ပေါ်ရှိ လမ်းမကြီးများနှင့် လမ်းသွယ်များပါ မကျန် လမ်းနယ်နမိတ်နှင့် မလွတ်သည့် အဆောက်အဦးများကို စည်ပင်နှင့် အကြမ်းဖက် စစ်တပ်က လိုက်လံ ဖယ်ရှားနေခြင်းဖြစ်ပြီး လမ်းဘေးဆိုင် အများအပြား ဖျက်ခံရကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးခိုင်းခြင်းမှာ ပြည်ပျက်ယတြာချေသည်ဆိုသော သတင်းများမှာ စည်ပင်နှင့် စစ်တပ်အသိုင်းအ၀ိုင်းအတွင်း ပြန့်နှံ့နေပြီး ရခိုင်တပ်တော်က ရရှိထားသော “ယတြာခေါင်းလောင်း” တစ်ချက်ထိုးလျှင် ပြည် ၄ ပြည်ပျက်သည်ဆိုသော ရှေးစကားများကြောင့် စစ်တပ်က ယတြာချေသည်ဆိုသော သုံးသပ်ပြောဆိုမှုများ ရှိနေကြောင်း သိရှိရသည်။
စစ်တပ်နှင့် စည်ပင်က ပြည်မြို့ပေါ်တွင် ဖျက်ဆီးနေသော ဆိုင်များတွင် ပြည်မြို့နယ်မှ ပဲခူးတိုင်းဒေသကြီးလွှတ်တော် (PR) ကြံ့ဖွတ်ကိုယ်စားလှယ်လောင်း ကျော်ကျော်လင်း၏ KK ရွှေဆိုင်၏မျက်နှာစာပါ ဖျက်ဆီးခံရကြောင်း သိရသည်။
“ဇန်နဝါရီ ၂၃ ရက်နေ့က စပြီး ပြည်မြို့ပေါ်မှာ လမ်းမကြီးတွေနဲ့ လမ်းသွယ်တွေပါ မကျန် လမ်းနယ်နမိတ်နဲ့ မလွတ်တဲ့ အဆောက်အဦးတွေကို စည်ပင်နဲ့ စစ်ခွေးတွေ လိုက်လံ ဖြိုချဖယ်ရှားနေတာ အဲတာက ယတြာချေတာလို့ပြောနေတယ်။ ရခိုင်တပ်တော်ရဲ့ ယတြာခေါင်းလောင်းတစ်ချက်ထိုးရင် ပြည် ၄ ပြည်ပျက်တယ်ဆိုတဲ့အတွက် ပြည်မြို့ကိုလာတဲ့ စစ်ကောင်စီခန့် စည်ပင် ဝန်ကြီး ကိုယ်တိုင် ရောက်လာပြီး လမ်းပေါ်မှာရှိတဲ့ ကျူးထားတာမှန်သမျှ အကုန်ဖျက်ဆိုပြီး ခိုင်းနေတာ” ဟု စည်ပင် အသိုင်းအဝိုင်းက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပဲခူးတိုင်းအစိုးရ၊ စည်ပင်ဝန်ကြီးက လက်ရှိအချိန်အထိ ပြည်မြို့တွင်ရှိနေပြီး အဆောက်အဦး အားလုံးဖျက်ဆီးပြီးမှ နေပြည်တော်သို့ မှတ်တမ်းနှင့် တကွ တင်ပြရန်စီစဉ်နေကြောင်း၊ ပြည်မြို့တွင် ယခုဖျက်ဆီးနေသော အဆောက် အဦးများမှာ စည်ပင်ဝန်ထမ်းများကို ငွေကြေးပေးပြီး နားလည်မှုဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။






