29 C
Yangon

တောင်ဒဂုံတွင် ပျူစောထီး ဝင်းသူရဇော်က စစ်တပ်နှင့်ပေါင်း၍ လူငယ်များကို အဓမ္မ ပေါ်တာဆွဲဖမ်းဆီးသည့်အပြင် စာရွက် စာတမ်းအတုများဖြင့် မြေကွက်များရောင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နေ ပျူစောထီး ဝင်းသူရဇော်က စစ်တပ်နှင့်ပူးပေါင်း၍ လူငယ်များကို အဓမ္မ ပေါ်တာဆွဲဖမ်းဆီးသည့်အပြင် စာရွက်စာတမ်းအတုများဖြင့် မြေကွက်များရောင်းစားမှုများ ကျူးလွန်နေသော်လည်း အရေးယူမှုမရှိကြောင်း အလိမ်ခံရသူများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပျူစောထီး ဝင်းသူရဇော်သည် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ စသည့်မြို့နယ်များ၏ ပျူစောထီး ခေါင်းဆောင် ဖြစ်ပြီး အုပ်စုဖွဲ့၍ လက်နက်များကိုင်ဆောင်ကာ လူငယ်များကို အိမ်စီးကားများဖြင့် လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ရောင်းစားခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“လူငယ်တွေကို ဖမ်းပြီး စစ်မှုထမ်းလိုနေတဲ့ ရပ်ကွက် အုပ်ကြီးတွေဆီကို လိုက် ရောင်းစားတာ တော်တော်များနေပါပြီ။ ကျနော်တို့ အမျိုး လူငယ်တွေလည်း ပါသွားတယ်။ ရဲစခန်းတိုင်ရင် ပြန်ဖမ်းခံရမှာဆိုးလို့ မတိုင်ရဲပါဘူး။တပ်မမှူး ၂ ယောက်နဲ့ပိုင်တယ်ဆိုပြီး လူငယ်တွေကို လူဖမ်းဂိုဏ်းပုံစံနဲ့ ဖမ်းပြီး ရောင်းစားနေတာ”ဟု ဖမ်းဆီးခံရသော လူငယ်တချို့၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

ထို့ပြင် လူငယ်များကို ဖမ်းဆီးပေါ်တာဆွဲပြီး ဖမ်းဆီးခံရသူ၏ မိသားစုဝင်များကို ငွေညှစ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အိမ်က သား ပါသွားတုန်းက သူ ဘယ်မှာ ရှိတယ်ဆိုသိတယ်ဆိုပြီး လာညှိတယ်။ သူ့ကို သိန်း ၂၀ ၊ အုပ်ကြီးကို ၄၀ ပေးရမယ်‌ဆိုပြီး လာတောင်းတယ်။ ကိုယ့်မှာ မရှိတော့ မပေးနိုင်တော့ စစ်မှုထမ်းအဖြစ် သိန်း ၆၀ နဲ့ အခြားရပ်ကွက်ကို ရောင်းစားသွားတယ်။ အခု စစ်မှုထမ်းသင်တန်းပါသွားပြီ”ဟု ဒဂုံမြို့သစ်တောင်ပိုင်းမှ ဖခင်တစ်ဦးက ရှင်းပြသည်။

ပျူစောထီး ဝင်းသူရဇော်သည် တောင်ဒဂုံ ၇၂ ရပ်ကွက်၊ ခတ္တာလမ်းတွင် နေထိုင်သူ ဖြစ်ပြီး စစ်တပ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနှင့် ပေါင်းကာ မြေကွက်များကိုလည်း စာရွက်စာတမ်းအတုများဖြင့် ရောင်းစားခြင်းများလည်း လုပ်ဆောင်ကြောင်း သိရှိရသည်။

” ‌‌‌‌‌‌‌‌‌‌မြေကွက်တွေလည်း ဗိုလ်မှူးတွေနဲ့ ပေါင်းပြီးစာရွက်အတုတွေကို လုပ်ပြီး ရောင်းစားတာတွေ အမှုပွဲစားတွေပါ လုပ်နေတာပါ။ သူက တစ်ခုခုဆို ၄ မြို့နယ် ခေါင်းဆောင်ဆိုပြီး ခြိမ်း ခြောက်ပါတယ်။ အခုလည်း တောင်ဒဂုံ ၅၃ ရပ်ကွက်မှာ စာရွက်အတုတွေ လုပ်ပြီး မြေ ကွက်ရောင်းနေတယ်”ဟု အခြေအနေကို သိရှိထားသော မြေရောင်းဝယ်တစ်ဦးက ရှင်းပြသည်။

လူငယ်များကို ဂိုဏ်းဖွဲ့ ဖမ်းဆီးရောင်းစားခြင်း၊ မြေကွက်များကို စာရွက်စာတမ်းအတုဖြင့် ရောင်းစားခြင်းများ ကျူးလွန်နေမှုများကို သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း တစ်စုံ တစ်ရာ အရေးယူခံရမှုမရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article