ရန်ကုန်၊ ဇူလိုင် ၁၀
မြန်မာ စစ်လေယာဉ်တစ်စီးသည် ဇွန်လ ၃၀ ရက်နေ့ ထိုင်းလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့မှု ထိုင်းအစိုးရက စစ်ကောင်စီထံမှ လျှော်ကြေးတောင်းထားကြောင်း ထိုင်းကာကွယ်ရေးဒုတိယဝန်ကြီး Chaichan Changmongkolက ပြောဆိုလိုက်သည်။
ဇူလိုင်လ ၈ ရက်နေ့ ထိုင်းလွှတ်တော်တွင် လွှတ်တော်အမတ် Sarawut Phetpanomporn က ထိုင်းနိုင်ငံ နယ်နမိတ်ကို မြန်မာစစ်ကောင်စီက ကရင်တိုင်းရင်းသားများကို တိုက်ခိုက်ရန် ကျူးကျော်ဝင်ရောက်မှု ရှိ၊ မရှိ မေးမြန်းစဉ် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထိုသို့ တုံ့ပြန် ဖြေဆိုလိုက်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်း-မြန်မာ နယ်စပ်ကို သေချာစွာ ကင်းလှည့်လျက်ရှိကြောင်း၊ လုံခြုံရေး တိုးမြှင့်ထားပြီး ထိုင်းတော်ဝင် လေတပ်က F-16 တိုက် လေယာဉ် ၂ စင်းဖြင့် ကင်းလှည့်လျက်ရှိကြောင်း ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။
ထို့ပြင် မြန်မာစစ်ကောင်စီထံသို့ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ ဖြေ ရှင်းချက်တောင်းသည့် စာပေးပို့ထားပြီး ကျူးကျော်ဝင်ရောက်မှုအတွက်လည်း လျှော်ကြေးတောင်းခံထားကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ဆင့်ခေါ်ပြီး ဆွေးနွေးခဲ့ကြောင်း လွှတ်တော်တွင် ထိုင်းဒုတိယကာ ကွယ်ရေးဝန်ကြီးက ဖြေကြားသွားသည်။
အကြမ်းဖက်စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များနှင့် KNU တပ်စခန်းများကို တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်။