ရန်ကုန်၊ ဇူလိုင် ၁၀
ရန်ကုန်-မန္တလေး လမ်းပိုင်း တစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်၊ ရဲနှင့် ယာဥ်ထိန်းရဲများကို ကုန်တင်ကားများကို ဆက်ကြေးကောက်ခံနေပြီး ၁ စီးလျှင် ၃ သောင်း ၅ ထောင်ကျပ် ပေးဆောင်နေရကြောင်း ကုန်တင်ယာဥ်မောင်းများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၊ ရဲနှင့် ယာဥ်တန်းများသည် ထိုသို့ ဆက်ကြေးများ ကောက် ခံသည့်အပြင် ရန်ကုန်နှင့် ပဲခူးအကြားရှိ နယ်ခြားဂိတ်တွင်လည်း ကုန်တင်ကား မောင်းနှင်သူများကို ကိုဗစ်စစ်ဆေးကြေး ဆိုသည့် အကြောင်းပြချက်ဖြင့် ကိုဗစ် ဆေးထိုးရမည်ဆိုကာ ၁ ဦးလျှင် ၁ သောင်းကျပ် ဖြတ်သန်းတိုင် ပေးဆောင်နေရပြီး ရောဂါပိုးစစ်ဆေးပေးခြင်း မရှိဘဲ ပိုက်ဆံပေးလျှင် ဖြတ်သန်းခွင့် စာရွက် ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
” ရန်ကုန်နဲ့ပဲခူးအကြာ နယ်ခြားဂိတ်မှာ အမြဲတမ်းပါ။ ကိုဗစ်ဆေးထိုးရမယ်ဆိုပြီး ကားသမား တစ် ယောက်ကို ၁သောင်း တောင်းတယ်။ ဘာမှလည်း ဆေးမထိုးဘူး။ စာရွက်ကို ချက်ချင်းထုတ်ပေးပြီး တယောက်ကို ၁သောင်း ပေးနေရတယ်။ ယာဥ်မောင်းနဲ့ နောက်လိုက် ၂ယောက်ပါတယ်ဆို ၂သောင်းပေးရပါတယ်။ ကျွန်တော်တို့မှာ တစ်လမ်းလုံး ပေးလိုက်ရတဲ့ပိုက်ဆံဆိုတာ အများကြီးပဲ။ ရန်ကုန်မြို့ထဲကို မဝင်ခင် ပဲခူးနဲ့ ရန်ကုန် နယ်ခြားရောက်တာနဲ့ ပေးလိုက်ရတဲ့ပိုက်ဆံ ၇သောင်း ၈ထောင် လောက်ကျတယ်။ လမ်း၊ တံတားကြေးက ၄သောင်း ၃ထောင်နဲ့ စစ်တပ်၊ ရဲ၊ ယာဥ်ထိန်းကို ပေးရတာက ၃ သောင်း ၅ ထောင်ပေးရတယ်” ဟု ကုန်တင်ယာဥ်မောင်း တစ်ဦးကပြောဆိုသည်။
စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခြင်း၊ လမ်းကြေးများ မြင့်တက်ခြင်းနှင့် စစ်တပ်နှင့်ရဲများ၏ မမျှော်မှန်းနိုင်သော ဆက်ကြေးကောက်ခံမှုများကြောင့် ကုန်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ခက်ခဲနေပြီး လုပ်ငန်း ရပ်ဆိုင်းရမှုများရှိလာကြောင်း၊ အဓိက အားဖြင့် တွက်ခြေမကိုက်တော့ဘဲ လုပ်ငန်းရပ်နားရမှုများ ရှိလာသည့်အပြင် သယ်ယူပို့ဆောင်ရေးစရိတ် တိုးမြှင့်တောင်းယူရသဖြင့် အခြေခံကုန်စျေးနှုန်းမှာလည်း မြင့် တက်လာသည်ဟု ကုန်ကားလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ဆီစျေးကလည်း အတက်ချည်းပဲ။ လမ်းကြေးတွေကလည်း အရင်လိုမဟုတ်တော့ဘူး။ တရားမဝင် ဂိတ်တွေဆိုတာလည်း နည်းတာမဟုတ်ဘူး။ ဒီကြားထဲ ရဲနဲ့စစ်တပ်ကလည်း နေရာတိုင်းမှာ ဘော်ဒါကြေးဆိုပြီး တောင်းလိုက် ခြိမ်းခြောက်တောင်းလိုက်နဲ့ ကျနော်တို့မကိုက်တော့ဘူး။ တွက်ခြေကိုက်အောင် စျေးတက် တော့လည်း ပို့သူနည်းတယ်။ မုန့်လုံးကို စက္ကူကပ်နဲ့ ဂျာအေး သူ့အမေရိုက်ပဲ။ ပတ်ချာလည်နေပြီ”ဟု ဘုရင့်နောင်ကုန်ကားလုပ်ငန်းရှင်က ဆိုသည်။
ထို့ပြင် စစ်တပ်က ကုန်ကားလုပ်ငန်းရှင်များကို တရားမဝင် လက်နက်သယ်ယူမှုများ ရှိလာခဲ့လျှင် ကုန်ကားကို သိမ်းဆည်းမည့်အပြင် ပိုင်ရှင် ယာဉ်မောင်း မိသားစုဝင်များကိုပါ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဖြစ် ကြောင်း၊ ပိုင်ဆိုင်မှုအားလုံးကိုလည်း ချိတ်ပိတ်မည်ဖြစ်ကြောင်း တရားဝင် ခြိမ်းခြောက် ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်၊ ရွှေတိဂုံစေတီအနီးတွင် ညအချိန် ကားများကို စစ်ဆေးနေသော အကြမ်းဖက် ရဲနှင့် ယာဉ်ထိန်းရဲတချို့။ (ပုံအဟောင်းဖြစ်ပါသည်)
Photo- အီးပီအေ။