ရန်ကုန်၊ ဇန်နဝါရီ ၂၇
အီရန်နိုင်ငံက မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီများ လျှို့ဝှက် တရားမဝင်တင်ပို့နေပြီး ၁ နှစ်ကျော် ကာလအတွင်း လေယာဉ်ဆီတန်ချိန် ၁၇၅၀၀၀ ခန့် သင်္ဘောဖြင့် တင်ပို့ခဲ့ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ အီရန်က မြန်မာစစ်တပ်သို့ လေ ယာဉ်ဆီလောင်စာ တန်ချိန် ၁၇၅,၀၀၀ ခန့်ကို သင်္ဘော ၉ ကြိမ် ဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့သည့် သင်္ဘောများမှာ Reef နှင့် Noble ဟု အမည်ရသည့် သင်္ဘောများဖြစ်ပြီး ခရီးလမ်းကြောင်းကို အီလက်ထရောနစ်နည်းဖြင့် လိမ်ညာ(spoofing)ဖော်ပြကာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲခဲ့ကြောင်း သိရှိရသည်။
ထိုသင်္ဘောများနှင့် ဆက်နွယ်သည့် ကုမ္ပဏီများ၊ ဆိပ်ကမ်းလုပ်ငန်းများကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားပြီးသားဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နိုင်ငံမှ လေယာဉ်ဆီတန်ချိန် ၁၆,၀၀၀ ကျော် တင်ဆောင်လာသော သင်္ဘောတစ်စီးက အီလက်ထရောနစ် ခြေရာဖျောက်နည်းလမ်းများ အသုံးပြုကာ လျှို့ဝှက်တင်ချပြီး နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်ထားသည်။
ယင်းနေ့မှာပင် ချင်းပြည်နယ် အနောက်ဘက်ဒေသရှိ ဝေးလံခေါင်သီသော ဗန်ဟာ (Vanha) ရွာ သို့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကျောင်းသားကလေး ၂ ဦး သေဆုံးခဲ့ကာ ရွာသားများအနေဖြင့် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အန္တရာယ်ကြောင့် တောထဲတွင် အိပ်စက်နေထိုင်ရ သည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အီရန်နိုင်ငံမှ လေယာဉ်ဆီ လောင်စာပို့မှုက မြန်မာစစ်တပ်၏ အရပ်သားများအပေါ် လေကြောင်း တိုက် ခိုက်မှုများကို အားဖြည့်ပေးနေကြောင်း ၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သည့် စစ်ဆင်ရေးကို အားပေးထောက်ပံ့ နေကြောင်း ရိုက်တာသတင်းက ဆိုသည်။
ထို့အပြင် အီရန်နိုင်ငံက ယူရီးယား (Urea) ကိုလည်း မြန်မာနိုင်ငံသို့ တင် ပို့ပေးနေပြီးယင်း ယူရီးယားကို မြန်မာစစ်တပ်က ဒရုန်းဗုံးများ၊ လေကြောင်းတိုက်ခိုက်ရေး ဗုံးများ အပါ အဝင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရာတွင် အသုံးပြု နေကြောင်း စစ်တပ်မှ စွန့်ခွာလာသည့် စစ်သားများက အတည်ပြုထားသည်။
ယခုကဲ့သို့ အီရန်၏ ပံ့ပိုးမှုများကြောင့် လေကြောင်းစွမ်းအား မရှိသည့် တော်လှန်ရေးတပ်ဖွဲ့များ ကို ချေမှုန်းနေသည့် စစ်ကောင်စီ၏ စစ်ရေးအင်အားချိန်ခွင်လျှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
အီရန်နိုင်ငံက လောင်စာပို့မှု စတင်ပြီးနောက် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့်အရပ်သား ၁,၇၂၈ ဦး အနည်းဆုံး သေဆုံးခဲ့ ပြီဖြစ်ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က “အီရန်က ပို့နေတဲ့ ဒီလောင်စာတွေဟာ လူထုအပေါ် ကျူးလွန်နေတဲ့ အစုလိုက်အပြုံလိုက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုက်ရိုက် အားဖြည့်နေပါတယ်။ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ ပိုမိုများလာနေတာဟာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လက်မခံနိုင်ပါဘူး” ဟု ရိုက်တာသတင်းဌာနထံသို့ မှတ်ချက်ပြု ပြောဆိုထားသည်။
အီရန်အစိုးရမှာ အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကြောင့် ငွေကြေးအကျပ်အတည်းကြုံနေရပြီး မြန်မာစစ်တပ်က အာဏာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လေကြောင်းအင်အားကို အားကိုးနေရသည့်အချိန်တွင် နှစ်နိုင်ငံကြား စစ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းလာ ခြင်းဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။




