25.9 C
Yangon

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကြောင့် စစ်ကိုင်းတိုင်းနှင့်တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီများလိုအပ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းနှင့်တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက်စစ်တပ်က နယ်မြေရှင်း လင်းရေး အမည်တပ်၍ ကျေးရွာများကို ဝင်ရောက်စီးနင်းမီးရှို့မှုများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေရာ ပြည်သူထောင်ချီ နေအိမ်များကို စွန့်ခွာ ထွက်ပြေးရပြီး စားနပ်ရိက္ခာနှင့်အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း‌ စစ်ဘေးရှောင်ကူညီသူများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်အတွင်းမှ ရွာပေါင်း ၈ ရွာမှ စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော် စားနပ်ရိက္ခာနှင့်အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကူညီကယ်‌ဆယ်ရေးပရဟိတသမားများက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့မှ ယနေ့ ဇူလိုင် ၁၀ ရက်နေ့ အထိ ဝက်လက်မြို့နယ်အတွင်း စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း၊ ပြည်သူအများအပြား စစ်တပ်၏ ထိုးစစ်ကို ရှောင်လွှဲရန် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ နေအိမ်များ မီးလောင်ပျက်စီးသည့်အပြင် စစ်ဘေးရှောင်ရင်းလည်း စားနပ်ရိက္ခာနှင့် အရေးပေါ် အကူအညီများလိုအပ်လျက်ရှိကြောင်း သိရှိရသည်။

” ရွာပေါင်း ၈ ရွာက အိမ်ထောင်စု ၁၈၀ ကျော် စစ်ဘေးရှောင်ရတယ်။ အိမ်တွေ မီးရှို့ခံရတော့ ဒုက္ခတွေ ရောက်နေကြရတယ်။ လူဦးရေ‌နဲ့ဆိုရင်တော့ လူအရေအတွက် ၁၀၀၀ ကျော်မယ်။ မိုးကလည်းရွာနေတယ်ဆိုတော့ ဘယ်လောက်ဒုက္ခရောက် ရမလဲ ဆိုတာစဉ်းစားသာကြည့်တော့” ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့မှစတင်ပြီး ဝက်လက်မြို့နယ်အတွင်း ဝက်လက်ရွဲရွာမှ နေအိမ် ၅ လုံး၊ မီးညိုကုန်းရွာနှင့် ထန်းတောကြီးကုန်းရွာ၂ ရွာမှ နေအိမ် ၁၅ လုံး ၊ မင်းရွာမှ လူနေအိမ် ၁၂၀ လုံး ၊ အင်ကြင်းပင်ရွာမှ လူနေအိမ် ၁ လုံး၊ ခွေးအတွင်းရွာမှ လူနေအိမ်၂၂ လုံး ၊ ဆိတ် ၁၃ ကောင် ၊ ဆိုင်ကယ် ၈ စီး ၊ ရွှေတိုက်ရွာမှ လူနေအိမ် ၁၅ လုံး စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရုံးပင်ကုန်းရွာမှ အသက် ၄၀ အရွယ် စိတ်ဝေဒနာရှင် ၁ ဦးကိုလည်း စစ်တပ်က မီးရှို့ သတ်ဖြတ်သွားကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ကိုလည်း ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး စစ်တပ်က ထိုးစစ်ဆင်များဖြင့် တိုက်ခိုက်နေသဖြင့် တောင်ပျောက်တိုက်နယ်မှ ပြည်သူ ၆၀၀၀ ခန့် စစ်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင်ပြည်သူများမှ အလယ်စု၊ ကျွဲခြံ၊ ဝင်းကဖော်၊ ကျောက်အိုင်ရွာ လေးရွာမှ စစ်ဘေးရှောင်အရေအတွက်သာဖြစ်ပြီး အခြားရွာများမှလည်း စစ်ဘေးရှောင်အရေအတွက်များစွာ ရှိကြောင်း၊ စာရင်းအတိအကျ ကောက်ခံရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရှိရသည်။

တောင်ပျောက်တိုက်နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုကြောင့် စစ်ရှောင်အရေအတွက်များပြားလာကြောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာတစ်ပတ်စာခန့်သာရှိတော့ကြောင်း တောင် ပျောက် တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောသည်။

ထို့ပြင် အင်အား ၁၅၀ ကျော်ရှိသည့် စစ်တပ်သည် စစ်ကြောင်း နှစ်ကြောင်းခွဲပြီး သရက်ချောင်းမြို့နယ်ထဲကို ဇူလိုင်လဆန်းပိုင်းမှစတင်၍ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်းရှိ ပုလောစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်ပြည်သူများအတွက်လည်း စားနပ်ရိက္ခာ ပြတ်တောက်လုဆဲဆဲ အခြေအနေ ရင်ဆိုင်နေရကြောင်း၊ ပုလောစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ နီးပါးရှိကြောင်း ပုလောစစ်ဘေးရှောင်စခန်းကူညီသူများထံမှ သိရှိရသည်။

ဓာတ်ပုံ- တောင်ပျောက်တိုက်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများ။

(တနင်္သာရီတိုင်းမ် နှင့် ရန်ကုန်ခေတ်သစ် ပူးတွဲရေးသားသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article