32 C
Yangon

နီးပါးဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ခရီးမသွားရန် မြန်မာစစ်တပ်က ညွှန်ကြားချက်ထုတ်ပြန်၊ နီပါးဗိုင်းရပ်စ်က ကိုဗစ်ထက်ပိုဆိုးပြီး သေဆုံးနိုင်ခြေပိုမြင့်မား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

နီးပါးဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ခရီးမသွားရန် မြန်မာစစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်သော စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကလည်း အနောက်ဘင်္ဂလားပြည်နယ်သို့ အရေးမကြီးသော ခရီးသွားလာမှုများကို ရှောင်ကြဉ်ရန် အကြံပြုထားပြီး ခရီးသွားပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာများ ပြလာပါက ဆေးကုသမှု ချက်ချင်းခံယူရန် တိုက်တွန်းထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလက လေဆိပ်များတွင် ကျင့်သုံးခဲ့သည့် အဖျားစောင့်ကြည့်စစ်ဆေးမှုများကို အိန္ဒိယမှလာသော ခရီးသည်များအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ဓာတ်ခွဲစစ်ဆေးနိုင်စွမ်းနှင့် ဆေးဝါးပစ္စည်းများကိုလည်း အသင့်ပြင်ဆင်ထားကြောင်း မြန်မာကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်ကြေညာထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ နီပါးဗိုင်းရပ်စ်၏ သေဆုံးနိုင်ခြေနှုန်းသည် ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိနေသဖြင့် ကိုရိုနာဗိုင်းရပ်စ်ထက် ပိုမိုပြင်းထန်ဆိုးဝါးသည့် ဗိုင်းရပ်စ်အမျိုးအစား ဖြစ်သည်။

လတ်တလော အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်တွင် နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်ခံရသူ ၂ ဦးကို တွေ့ရှိခဲ့ပြီးနောက် လက်ရှိတွင် ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောကြားလိုက်သည်။

သို့သော်လည်း အာရှနိုင်ငံအချို့တွင်မူ အိန္ဒိယမှ လာရောက်သော ခရီးသည်များအပေါ် လေဆိပ်များ၌ ကျန်းမာရေးစစ်ဆေးမှုနှင့် စောင့်ကြည့်မှုများကို တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အင်္ဂါနေ့က ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ နီပါးဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူအားလုံးကိုလည်း သီးခြားခွဲခြားထားရှိ (Quarantine) ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူနာများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသော်လည်း ထိတွေ့ဆက်ဆံခဲ့သူ ၁၉၆ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အားလုံးမှာ ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ဗိုင်းရပ်စ်ကင်းစင်ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

“အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေပြီး လိုအပ်တဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အစီအမံအားလုံးကိုလည်း ဆောင်ရွက်ထားပါတယ်” ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၁၉၉၀ ပြည့်နှစ်များအတွင်း မလေးရှားနိုင်ငံတွင် ပထမဆုံး စတင်တွေ့ရှိခဲ့သည့် နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်တတ်သော ဗိုင်းရပ်စ်ဖြစ်ပြီး လင်းနို့၊ ဝက်များနှင့် လူအချင်းချင်း ထိတွေ့မှုများမှတစ်ဆင့် ပြန့်ပွားတတ်သည်။

အဆိုပါဗိုင်းရပ်စ်အတွက် ကာကွယ်ဆေး မရှိသေးဘဲ ကူးစက်ခံရပါက အပြင်းဖျားခြင်း၊ တက်ခြင်းနှင့် အန်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး လက်ရှိတွင် ဝေဒနာရှင်များအား နောက်ဆက်တွဲရောဂါများ မဖြစ်ပွားအောင် ထိန်းချုပ်ပေးသည့် နည်းလမ်းဖြင့်သာ ကုသပေးလျက်ရှိသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံပြင်ပ၌ ကူးစက်မှု မရှိသေးသော်လည်း အာရှနိုင်ငံအတော်များများက ကြိုတင်ကာကွယ်သည့်အနေဖြင့် လေဆိပ်များတွင် စစ်ဆေးမှုများကို ပြန်လည်စတင်ခြင်း သို့မဟုတ် အရှိန်မြှင့်ခြင်းများ ပြုလုပ်လာကြသည်။

အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် အဓိကလေဆိပ်ကြီးများတွင် ကျန်းမာရေးကြေညာချက်ဖောင်များဖြည့်ခြင်း၊ အပူချိန်တိုင်းခြင်းနှင့် ခရီးသည်များကို မျက်မြင်စောင့်ကြည့်ခြင်းများဖြင့် စစ်ဆေးမှုကို တိုးမြှင့်ထားသည်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနက ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်တွင် အနောက်ဘင်္ဂလားမှ တိုက်ရိုက်လာရောက်သော လေကြောင်းခရီးစဉ်များအတွက် အပူချိန်တိုင်းစက် (Thermal Scanners) များကို တပ်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက အစားအသောက် ဘေးကင်းလုံခြုံရေးကို တင်းကျပ်စွာ လိုက်နာရန် တိုက်တွန်းထားပြီး နယ်စပ်ဂိတ်များနှင့် ကျန်းမာရေးဌာနများတွင် စောင့်ကြည့်မှုများ တိုးမြှင့်ရန် ညွှန်ကြားထားသည်။

တရုတ်နိုင်ငံကလည်း နယ်စပ်ဒေသများတွင် ရောဂါကာကွယ်ရေး အစီအမံများကို အားကောင်းအောင် လုပ်ဆောင်နေပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို လေ့ကျင့်ပေးခြင်းနှင့် စမ်းသပ်စစ်ဆေးနိုင်စွမ်း မြှင့်တင်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

နီပါးဗိုင်းရပ်စ်သည် ယခင်ကလည်း အနောက်ဘင်္ဂလားပြည်နယ်တွင် ၂၀၀၁ နှင့် ၂၀၀၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့ဖူးပြီး၊ ၂၀၁၈ ခုနှစ်က ကီရာလာပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကူးစက်မှု၌ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ဖူးပါသည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်တွင် စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးမှုများ လုပ်နေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article