32 C
Yangon

စစ်ကိုင်းနှင့် ရွာငံမြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းမြို့နယ် မင်းကွန်းတိုက်နယ် ချောင်းမကြီးကျေးရွာအနီးကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ မှ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ စစ်ကြောင်း တစ်ခုလုံးဆုတ်ခွာထွက်ပြေးသွားစဉ် တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်သောကြောင့် ချောင်းမကြီးကျေးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုးတော့ မသိရသေးဘူး။ ထိတာတော့ တော်တော်ထိတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတာမျိုးလည်း မရှိပါဘူး။ တပ်ကူရောက်လာတော့ ဆက်မတိုးတော့ တာဆိုတော့ ဘာမှမရပါဘူး။ ဒဏ်ရာရတဲ့ စစ်ခွေးတွေနဲ့ အလောင်းတွေကို ပြန်ဆွဲသွားတာဆိုတော့ အတိကျမသိရဘူး။ စစ်ခွေးသေစာရင်းကတော့ ခန့်မှန်းခြေ ၁၀ ဦးသေဆုံးတယ်” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့နှင့်အတူ Mingun PDF ၊ people servant force ၊ ရတနာပုံတပ်ဦး ၊ Nomore Dictatorship(NMD) ၊ GS Force နှင့် ဥဒေါင်းမင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်၊ ရွာငံမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်​နေ့တွင် ရွာငံမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ယာဉ်တန်းကားကို တော်လှန်ရေး တပ်ဖွဲ့များက ရွာငံ-အောင်ပန်း လမ်းပိုင်းပေါ်ရှိ မြိုင်ကျေးရွာအနီးနားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ ကား ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မြိုင်ကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အဲဒီ စစ်ခွေး ယာဉ်တန်းက ရွာငံမြို့ကနေထွက်လာတာပါ။ တပ်မ ၅၅ ကဆိုတော့ ကလောအောင်ပန်းဘက်က သူတို့တပ်ရင်းကိုပြန်တာလို့တော့သိရတယ်။ ရွာငံ-အောင်ပန်း လမ်းမပေါ်က မြိုင်ကျေးရွာအနီးနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ စစ်ခွေး ၁၅ ကောင်သေပြီးတော့ ကား ၁ စီးလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်။ သူတို့ရွေးကောက်ပွဲဆိုပြီး ရွာငံမှာ အင်အားအလုံးအရင်းနဲ့ ချထားတာ အခုရွေးကောက်ပွဲပြီးလို့ အင်အားပြန်လျှော့ချတယ်လို့ထင်ပါတယ်။ အဲလိုဖြစ်‌တဲ့နေ့ကတော့ မြိုင်ကျေးရွာအနီးမှာ အင်အားအလုံးအရင်း ရောက်လာပြီး ရမ်းသမ်းပစ်ခတ်တာတွေလုပ်ကြတယ်။ နောက်ရက်တော့ သူတို့ထင်မြင်တဲ့ ရွာတွေနားကတောတွေကို စစ်ကြောင်းထိုးရှာဖွေတယ်လို့တော့သိရတယ်” ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာငံမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်လက် မေးမြန်းလျက်ရှိသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article