25 C
Yangon

ပုလဲနှင့် ဆားလင်းကြီးမြို့နယ်တွင် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထိုင်ချတပ်စွဲထားသော မင်းတိုင်ပင်ကျေးရွာမှ ထွက်လာသော စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း Unity Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၇နာရီ ၅၅မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် ထိုင်ချတပ်စွဲထားသော မင်းတိုင်ပင်ကျေးရွာမှ ထွက်လာသော စစ်သားများနှင့် အင်မထီးရွာ ပျူသောထီး ၃ ဦးကို ကင်းဝပ်နေသော တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အင်မထီးပျူစောထီး ခေါင်းဆောင် ကျော်လှိုင့်၏ သားဖြစ်သူ စိုးမြတ်မင်း အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ကိုင်ဆောင်သော သေနတ် ၁ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကင်းပတ်ထွက်တာပါ။ ၁ ယောက်ဒဏ်ရာရပြီး ထွက်ပြေးသွားတာဖြစ်ပါတယ်။ မင်းတိုင်ပင်ရွာမှာက စစ်တပ်အထိုင်ချတာ၊ မင်းတိုင်ပင်ရွာမှာက အင်မထီးက ပျူတွေနေနေတာပါ။ သင်တန်းဆင်းပြီး ၁၃ ရက်ပဲ ကြာသေးတယ်၊ ဂန့်းတစ်လက်ရခဲ့တယ်။” ဟု Unity Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဆားလင်ကြီးမြို့နယ် ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်းရှိ ခြောက်သဲကွေ့အနီး ပြည်သူတွေထံမှ ဆက်ကြေးတောင်းနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမဗုံး ၃လုံးနဲ့ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွားနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးက​ ဝမ်ပေါင် ကုမ္ပဏီကနေ ထွက်လာပြီး ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်း ခြောက်သဲကွေ့နားမှာ ခြံစည်းရိုးတွေကာ ကုန်တင်ကားတွေ ဆီကနေ ဆက်ကြေးတောင်းနေတုန်း ကျွန်တော်တို့ အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ၄၀ မမ ဗုံး ၃လုံး၊ လက်နက်ငယ်တွေ ပစ်ခတ်တိုက်ခဲ့တာပါ။ စစ်ခွေး သေစာရင်းကတော့ ကျွန်တော် စုံစမ်းနေဆဲပါ။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်း ဆောင် ကိုဗိုက်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့(Salingyi) ၊ SOLO အောင်ကြီး(Salingyi)၊ ချင်းတွင်ကာကွယ်ရေး(CDF) ၊ ဆားလင်းကြီးမြို့နယ် (ပလဖ) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article