31 C
Yangon

အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂတရားရုံး-ICJ တွင် မြန်မာနှင့်ဂမ်ဘီယာတို့ နှစ်နိုင်ငံလျှောက်လှဲချက်များ အဆုံးသတ်သွားပြီးနောက် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန် အချိန်ရောက်

Must read

🟥 ICJ တရားရုံး၏ ဆုံးဖြတ်ချက်သည် ကျူးလွန်သူ လူပုဂ္ဂိုလ်များကို နိုင်ငံတကာတရားရုံးများ၊ နိုင်ငံ တကာဥပဒေဖြင့် အရေးယူအပြစ်ပေးရန် ကြီးစွာသော အထောက်အကူဖြစ်လာမည်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂတရားရုံး-ICJ တွင် မြန်မာနှင့်ဂမ်ဘီယာတို့ နှစ်နိုင်ငံလျှောက်လှဲချက်များ အဆုံးသတ်သွားပြီးနောက် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန် အချိန်ရောက်ရှိသွားပြီဖြစ်သည်။

ဇန်နဝါရီ ၂၉ ရက်နေ့ နယ်သာလန်နိုင်ငံ ၊ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် နှစ်နိုင်ငံ အပြီးသတ် လျှောက်လှဲချက်များ ကြားနာတင်ပြကြပြီးနောက် ICJ တရားရုံး အနေဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်များမှာ လူမျိုးတုံးသတ်ဖြတ်မှု (genocide) အဖြစ် သတ်မှတ်နိုင်၊ မသတ်မှတ်နိုင် ဆိုသည့် အလွန်အရေးပါသော စီရင်ချက်ကို စီရင်ဆုံးဖြတ်ရမည့် အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

လများစွာကြာ ဆွေးနွေးကြားနာမှုများ ပြုလုပ်ပြီးနောက် ယင်းအမှုကို ယခုအခါ လူထုရှေ့မှ ဖယ်ရှားကာ ICJ တရားသူကြီးများအကြား ဆွေးနွေးဆုံးဖြတ်မှု အဆင့် သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ ယခုအဆင့်သည် အချိန်ကြာမြင့်နိုင်ပြီး လများ သို့မဟုတ် နှစ်များအထိ ကြာနိုင်ကြောင်း ဥပဒေရေးရာ လေ့လာသူများက ခန့်မှန်းကြသည်။

ယင်းအမှုတွင် မေးမြန်းထားသည့် အဓိကမေးခွန်းမှာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးရေး သဘောတူစာချုပ် (Genocide Convention) အောက်တွင် သတ်မှတ်ထားသည့် ဥပဒေအတိုင်း မြန်မာနိုင်ငံ၏ လုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ရန် လိုအပ်သော အဆင့်ကို ကျော်လွန်ခဲ့ပါသလား ဆိုခြင်း ဖြစ်သည်။

ယခုအမှု၏ ကြားနာမှုများသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်အတွင်း လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်အောက်တွင် တင်သွင်းလာသည့် အမှုတစ်ရပ်၏ အချက်အလက်အခြေခံ (merits) ကို ICJ က စစ်ဆေးခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။

ကြားနာမှုများအတွင်း အစ္စလာမ် ပူးပေါင်းအဖွဲ့အစည်း (OIC) ကိုယ်စား အမှုတင်သွင်းသူဖြစ်သည့် ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ ဘက်မှ ဥပဒေရေးရာ ကိုယ်စားလှယ်များ၏ အပြင်းအထန် ဆန့်ကျင်သည့် တင်ပြချက်များကို တရားသူကြီးများက ကြားနာခဲ့သည်။ မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို အပြင်းအထန် ငြင်းဆိုခဲ့ပြီး သက်သေအထောက်အထားများကို ဘယ်လို အကဲဖြတ်သင့်သည်ဆိုသည့် အချက်ကိုလည်း ကန့်ကွက်ခဲ့သည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ မွတ်စလင် လူနည်းစုတစ်ရပ်ဖြစ်ပြီး နှစ်ပေါင်းများစွာ အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ နိုင်ငံသားအဖြစ် အသိအမှတ်မပြုခြင်းနှင့် အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရသူများ ဖြစ်ကြသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ARSA လက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများအပြီး မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများ စတင်ခဲ့သည်။ ထိုစစ်ဆင်ရေးများအတွင်း ရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ လူထောင်ချီ သေဆုံးခြင်းနှင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားရခြင်း ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း အိုးအိမ်စွန့်ခွာသူ တစ်သန်းကျော် ရှိလာခဲ့သည်။

နောက်ပိုင်းတွင် ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့များက လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာစေမှုများနှင့် ရွာများကို စနစ်တကျ ဖျက်ဆီးခဲ့မှုများကို မှတ်တမ်းတင်ခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိကြောင်း ပြသနေသည် ဟု သတ်မှတ်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံဘက်က ယင်းတွေ့ရှိချက်များကို ငြင်းဆိုကာ စစ်တပ်၏ လုပ်ရပ်များသည် အကြမ်းဖက်မှုများကို တုံ့ပြန်ရန် ဆောင်ရွက်ခဲ့သည့် တရားဝင် စစ်ဆင်ရေးများသာဖြစ်သည် ဟု ဆိုသည်။

ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်တွင် ယင်းအမှုကို တင်သွင်းခဲ့သည်။ ယင်းအမှုသည် ဂမ်ဘီယာနိုင်ငံကိုယ်တိုင် ထိခိုက်နစ်နာမှု မရှိသော်လည်း လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ်အရ မည်သည့် အဖွဲ့ဝင်နိုင်ငံမဆို သဘောတူစာချုပ်ကို ချိုးဖောက်နေသည်ဟု ယူဆပါက ICJ သို့ အမှုတင်နိုင်သည့် အခွင့်အရေးရှိခြင်း ကို စမ်းသပ်သည့် အမှုတစ်ရပ်လည်း ဖြစ်သည်။

ကြားနာမှုအစပိုင်းတွင် ဂမ်ဘီယာနိုင်ငံ၏ တရားရေးဝန်ကြီး ဒေါဒါ ဂျာလို က ယင်းအမှုကို ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်တစ်ရပ်အဖြစ် ဖော်ပြခဲ့ပြီး အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် အတွေ့အကြုံများကြောင့် အဖိနှိပ်ခံရသူများနှင့် အုပ်စုများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နေရာမရွေး၊ အချိန်မရွေး ဝေဖန်ရှုတ်ချရန် သင်ခန်းစာရရှိခဲ့သည်ဟု ICJတရားရုံးတွင် ပြောကြားခဲ့သည်။

ကြားနာမှုတစ်လျှောက်လုံးတွင် ဂမ်ဘီယာဘက်က မြန်မာစစ်တပ်၏ လုပ်ရပ်များသည် တစ်ခါတစ်ရံ ဖြစ်ပွားသည့် အကြမ်းဖက်မှုများ မဟုတ်ဘဲ ရိုဟင်ဂျာများကို ဦးတည်သည့် စနစ်တကျ ဆောင်ရွက်မှုဖြစ်ကြောင်း အလေးထားတင်ပြခဲ့ပြီး လူသတ်မှု၊ လူအစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာစေမှုနှင့် အသက်ရှင်ကျန်ရစ်သူများ ကြုံနေရသည့် ဆိုးရွားသော အခြေအနေများကို စဉ်းစားသင့်ကြောင်း တောင်းဆိုခဲ့သည်။

မြန်မာဘက်မှ ဥပဒေရေးရာ ကိုယ်စားလှယ်များက ထိုအမြင်ကို အပြင်းအထန် ကန့်ကွက်ခဲ့ပြီး NGO များ၏ အစီရင်ခံစာများကို သက်သေအထောက်အထားအဖြစ် အလွန်အကျွံ ယုံကြည်သုံးစွဲနေသည် ဟု သတိပေးခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ဥပဒေရေးရာ အဖွဲ့ကို ဦးဆောင်သူ ခရစ်စတိုဖာ စတိတ်ကာက “NGO အစီရင်ခံစာတစ်ခုကို အချက်အလက်အဖြစ် ကိုးကားထားသည်ဆိုတိုင်း ထိုအချက်အလက်ကို အတည်ပြုနိုင်သည်ဟု ယူဆ၍ မရပါ။ ထိုအချက်အလက်ကို သက်သေပြနိုင်သည်ဟုလည်း လွယ်လင့်တကူ သတ်မှတ်၍ မရပါ”ဟု ICJတရားရုံးတွင် ပြောဆိုခဲ့သည်။

ယင်းအမှုတွင် ဂမ်ဘီယာဘက်အတွက် အကြီးမားဆုံး အတားအဆီးမှာ ရည်ရွယ်ချက် (intent) ဖြစ်သည်။ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ရန် အဖွဲ့တစ်ဖွဲ့ကို အစိတ်အပိုင်းအနေနှင့်ဖြစ်စေ၊ လုံးဝဖြစ်စေ ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ရှိကြောင်း တရားသူကြီးများအား ယုံကြည်စေရန် လိုအပ်သည်။

နောက်ဆုံး ဆွေးနွေးမှုတစ်ခုတွင် ဂမ်ဘီယာဘက်မှ ဥပဒေရေးရာ ကိုယ်စားလှယ် ဖီလစ် ဆန်းစ် က

“ယခုအချိန်တွင် တရားရုံးသည် ရေးသားတင်ပြချက်များနှင့် ပါးစပ်ဖြင့် ဆွေးနွေးချက်များအားလုံးကို လေ့လာပြီးနောက် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း အပြည့်အဝ ယုံကြည်နိုင်ပါသလား ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်ပါသည်” ဟု ပြောကြားခဲ့သည်။

ယင်းအမှုသည် ယခင်ကတည်းက အရေးပါသော လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီးများကို ကျော်လွှားပြီးသားဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် ICJ က မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရန် အရေးပေါ် အမိန့်များ ချမှတ်ခဲ့ပြီး သက်သေအထောက်အထားများကို ထိန်းသိမ်းထားရန် အမိန့်ပေးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင်လည်း အမှုကို ပယ်ဖျက်ရန် မြန်မာဘက်၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးဖြစ်သည်။

ရိုဟင်ဂျာ အသက်ရှင်ကျန်ရစ်သူများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် ယင်းကြားနာမှုများ သည် ဥပဒေရေးရာ အငြင်းပွားမှုထက် ပိုမို အရေးပါသည်။

Fortify Rights အဖွဲ့၏ တည်ထောင်သူ မက်သျူး စမစ် က “ရိုဟင်ဂျာများအတွက် ဒီအမှုဟာ ဥပဒေရေးရာ အယူအဆများ အကြောင်း မဟုတ်ပါဘူး။ သူတို့အပေါ် ဖြစ်ပျက်ခဲ့သမျှကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကမ္ဘာက တိတိ ကျကျ အသိအမှတ်ပြုမလား၊ အကျိုးဆက်တွေ ရှိမလား ဆိုတာပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

သူက ထပ်မံပြောကြားရာတွင် ICJ တွင် တရားမျှတမှုရရှိရန် အချိန်ကြာမြင့်နိုင်သော်လည်း ယခုလုပ်ငန်းစဉ်သည် အမှန်တရားကို သမိုင်းနှင့် ဥပဒေရေးရာ မှတ်တမ်းထဲတွင် အခိုင်အမာ မှတ်သားထားစေပြီးသား ဖြစ်သည် ဟု ဆိုသည်။

Human Rights Watch မှ ဥပဒေရေးရာ အကြံပေး မာရီယာ အီလီနာ ဗစ်ညိုးလီ က “ဆုံးဖြတ်ချက်ဆီသို့ ရောက်ရှိလာတာကို မြင်ရခြင်းက ရိုဟင်ဂျာများအတွက် တရားမျှတမှုလိုအပ်နေဆဲဆိုတဲ့ အချက်ကို သတိပေးပြီး သူတို့ရဲ့ ဆင်းရဲဒုက္ခတွေ မမေ့သေးကြောင်း ကမ္ဘာကို ပြသနေပါတယ်”ဟု ပြောကြားခဲ့သည်။

ကြားနာမှုများ ပြီးဆုံးသွားပြီးနောက် ICJ တရားသူကြီးများ၏ ဆုံးဖြတ်ချက်အတွက် စဉ်းစားသုံးသပ်မှု အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်သည်။ ICJ သည် ရာဇဝတ်မှုဆိုင်ရာ တရားရုံး မဟုတ်သဖြင့် ဖမ်းဆီးခြင်း သို့မဟုတ် ထောင်ဒဏ် ချမှတ်ခြင်း မပြုလုပ်နိုင်ပေ။

သို့သော် နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်မှု ရှိ၊ မရှိ ဆုံးဖြတ်ပေးနိုင်ပြီး၊ ချိုးဖောက်မှု ရှိပါက ရပ်တန့်ရမည့် တာဝန်များနှင့် နောက်ထပ် မဖြစ်ပွားစေရန် အာမခံချက်များကို သတ်မှတ်ပေးနိုင်သည်။

မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ဆုံးဖြတ်ချက် ထွက်ပေါ်ပါက ဖမ်းဆီးမှုများ မဖြစ်ပေါ်စေနိုင်သော်လည်း ဥပဒေရေးရာနှင့် နိုင်ငံရေးအရ သက်ရောက်မှု အလွန်ကြီးမားပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တာဝန်များကို နားလည်သတ်မှတ်ရာတွင် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ယင်းအပြင် ICJ တရားရုံး၏ ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်ခေါင်းဆောင်များကို ICC ကဲ့သို့ နိုင်ငံတကာရာဇဝတ်တရားရုံးများ အပါအဝင် အပြည်ပြည်ဆိုင်ရာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို ဦးတည်၍ တရားစွဲ အပြစ်ပေး အရေးယူနိုင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူများ ထောက်ပြထားသည်။

ယခုအခါ ICJ တရားရုံးတွင် ကြားနာတင်ပြမှု စကားပြောများမှ စိစစ်ဆုံးဖြတ်မှုသို့ ပြောင်းရွှေ့သွားပြီဖြစ်ပြီး သက်သေအထောက် အထားများကို မှတ်တမ်းတင်ပြီးသားဖြစ်ကာ နှစ်ဖက် အငြင်းပွားမှုများလည်း တိတ်ဆိတ် အဆုံးသတ်ခဲ့ပြီဖြစ်သည်။

ကမ္ဘာ့အမြင့်ဆုံး ICJတရားရုံးသည် ယခုအခါ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်နိုင်၊မသတ်မှတ်နိုင် ၊ ထိုသို့ဖြစ်ပါက နိုင်ငံတကာဥပဒေက မည်သို့ တားဆီး အရေးယူမည်ကိုသာ ဆုံးဖြတ်ရန်သာ ကျန်ရှိနေသည်။

ကိုးကား- Courthouse News Service နှင့် Wire News ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article