ရန်ကုန်၊ ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာကို KIA ပူးပေါင်းတပ်များက ပြန်လည်သိမ်းပိုက်လိုက်ပြီး SNA နှင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အရှေ့ဘက်ကမ်းရှိ ဟဲပါးကျေးရွာကို KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုကျေးရွာကို လွန်ခဲ့သည့် တစ်ပတ်ခန့်က အကြမ်းဖက် စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်များက ဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် မိုးညှင်းမြို့နယ်တစ်ကြော၌ တိုက်ပွဲများမှာ ဖြစ်ပွားနေပြီး အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်း၊ နန်းမားနှင့် ဟိုပင်တစ်ကြောရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်၊ SNA ပူးပေါင်းတပ်များနှင့် KIA ၊ KPDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က နန်းမားအရှေ့ဘက်ခြမ်းသို့ လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်တော်ကြီးအရှေ့ဘက်ကမ်း KIA တပ်မဟာ ၉ တပ်ရင်း ၂၆ ဒေသ အင်းတော်ကြီး အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဟဲပါးကျေးရွာကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ရရှိတယ်။ အဲ့ဒီ ဟဲပါးကျေးရွာကိုက လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက SNA နဲ့ စစ်ကောင်စီ သူတို့ပူးပေါင်းတပ်ဖွဲ့တွေက လာသိမ်းတာပါ။ အဲ့လိုသိမ်းတာကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဟဲပါးကျေးရွာကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်။ SNA တွေဘက်က ထိခိုက်တာတွေများတယ်။ အဲ့မှာတိုက်ပွဲဖြစ်နေတာက ကြာပြီ။ တိုက်ပွဲဖြစ်တာ ၂ ပတ်လောက်ရှိပြီ ထင်တယ်။ အဲ့အတောတွင်းမှာ SNA နဲ့ စစ်ကောင်စီ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေများတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ကချင်ပြည်နယ်အတွင်းရှိ တနိုင်းမြို့နယ်၊ KIA တပ်မဟာ ၂ ၊ တပ်ရင်း ၁၄ နယ်မြေအတွင်း၌လည်း တိုက်ပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားနေပြီး ဝိုင်းမော်၊ ဟိုပင်နှင့် နန်းမား အရှေ့တောင်ဘက်တို့တွင်လည်း စစ်ရေးတင်းမာလျက်ရှိကြောင်း၊ ထို့ပြင် ဗန်းမော်၊ ရွှေဂူ၊ ထီးချိုင့်နှင့် ကသာဘက်တို့တွင်လည်း တိုက်ပွဲများ အနည်းငယ်စီ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။




