ရန်ကုန်၊ ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညှင်းမော်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လောင်းလုံး-ထားဝယ် လမ်းပိုင်းမှ ညှင်းမော်ရွာဘက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့တိုက်ပွဲသည် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
ထိုစစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ညှင်းမော်ရွာအနီးရှိနေသောကြောင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ညှင်းမော်ရွာအပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက ညှင်းမော်ရွာထဲက စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အချိန်မှာ တိုက်ပွဲဖြစ်တာပေါ့။ အခုခွေးတွေက လောင်းလုံး အောက်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေလို့ စစ်ရေးက ဆက်လက်တင်းမာနေတုန်းပဲ။ တိုက်ပွဲတွေက ရှေ့ဆက်ပြီး ဖြစ်နိုင်တယ်။ စစ်ခွေး အင်အားက ၁၀၀ ကျော်တယ်။ အဲကောင်တွေက ရွေးကောက်ပွဲကြောင့် ထားဝယ်မြို့ဘက်ကနေ လောင်းလုံးဘက်ကို လုံခြုံရေးယူဖို့ ရောက်လာတာပါ။ ဒီနေ့တော့ တိုက်ပွဲပြင်းပြင်းထန်ထန်မဖြစ်ပေမယ့် ထိတွေ့မှုကတော့ ဆက်ရှိနေတုန်းပဲ” ဟု ဒေသတွင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၄ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ပါသော စစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များတွင် ဝင်ရောက်တပ်စွဲကာ နေအိမ်များအတွင်းမှ တန်ဖိုးကြီး ပစ္စည်းများ၊ ဆိုင်ကယ်၊ ဗီဒို၊ ခုံ၊ စားပွဲကုလားထိုင်၊ အဝတ်အစားများအပြင် ပြည်သူများမွေးမြူထားသည့် ကြက်နှင့် ဝက်များကိုပါ သတ်ဖြတ်စားသောက်ကာ တစ်ရွာလုံးနီးပါး ခိုးယူလုယက်သွားကြောင်း၊ ထိုစစ်ကြောင်းသည် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့ ခိုးယူလုယက်သွားသော ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်၍ ရွာထဲမှ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
“လောင်းလုံးမြို့ပေါ်ကို ၂၁ ရက်နေ့က စစ်ခွေးတွေဆင်းလာတာပြီး အဲ့စစ်ခွေးစစ်ကြောင်းက ခမောင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတာပါ။ စစ်ခွေးတွေက ခမောင်းတောင်ရွာက နေအိမ်မှာရှိတဲ့ ပစ္စည်းတွေကို အကုန်လုံးယူထုတ်ပြီးသယ်သွားတယ်။ စစ်ခွေးအင်းအား ၁၀၀ နီးပါးနဲ့ ခလရ ၁၀၄ ကနေထွက်လာပြီး ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးရောက်လာတဲ့ စစ်ကြောင်းပါ။ စစ်ခွေးတွေ ရောက်လာတော့ ရွာထဲမှာ ပြည်သူတွေက မနေရဲကြတော့ ပြေးကြရတယ်။ အဲ့လိုပြည်သူတွေ ပြေးကြရတော့ လူမရှိတဲ့ အိမ်တွေပေါ်မှာ စစ်ခွေးတွေက တက်နေပြီး တစ်ရွာနီးပါး အကုန်လုံး ခိုးယူသွားကြတာပါ။ စစ်ခွေးတွေက သူတို့လိုသမျှ အဲ့ရွာထဲက တန်းဖိုးကြီးပစ္စည်းရော တန်ဖိုးမရှိတဲ့ ပစ္စည်းတွေရော ဆိုင်ကယ်၊ ဗီဒိုတွေ၊ ခုံတွေ နဲ့ စားပွဲကုလားထိုင်၊ အဝတ်အစား၊ ကြက်၊ ဝက် အကုန်ယူစားပြီး ၂၅ ရက်နေ့က ညပိုင်းမှာ ပြန်ဆုတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။




