ရန်ကုန်၊ ဇန်နဝါရီ ၃၁
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က အသက် ၃ နှစ်မှ ၉ နှစ်အရွယ် ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၂၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်သည် ညှင်းမော်ကျေးရွာနှင့် ရင်းဘုတ်ကျေးရွာမှ အသက် ၃ နှစ် ၊ ၆ နှစ် ၊ ၈ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူများသည် ကျေးရွာများအတွင်းရှိ ခြံများ၌ စစ်ဘေးတိမ်းရှောင်နေစဉ် ဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်ထိ ဖမ်းဆီးသွားသော ကလေးငယ်များနှင့် ပြည်သူများကို ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ စစ်ကြောင်းနှင့်အတူ ဆက်လက် ခေါ်ဆောင်သွားကြောင်း၊ ထိုစစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ညှင်းမော်ရွာနှင့် ရင်းဘုတ်ရွာ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသပြည်သူ ၁၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“မနေ့က စစ်ခွေးတွေက ညင်းမော်ရွာက မိသားစု ၂ စု အဲ့မှာကလေးတွေလည်း အများကြီးပါတယ်။ ၃ နှစ်အရွယ်၊ ၆ နှစ်အရွယ်၊ ၈ နှစ်အရွယ်၊ ၉ နှစ်အရွယ် ၄ ဦးနဲ့ အမျိုးသမီး ၆ ဦး အပါအဝင် အနည်းဆုံး ၂၀ ဦးလောက်ပါတယ်။ လမ်းမှာတွေ့တဲ့ ကလေး ၁ ဦးကိုလည်း ဖမ်းသွားသေးတယ်လို့ကြားတယ်။ စစ်ခွေးစစ်ကြောင်းက ဖမ်းသွားတာတော့ ညင်းမော်ရွာနဲ့ ရင်းဘုတ်ရွာက ကလေးတွေ ကျန်တဲ့ သက်ကြီးပိုင်းတွေကတော့ ခြံအလုပ်သမားတွေပါ။ မိသားစုလိုက် ခြံထဲ စစ်ရှောင်နေကြတဲ့သူတွေပါ။ အဲ့စစ်ခွေးတွေက တော်တော်လေးကို ယုတ်မာတဲ့ခွေးတွေ လူသားဒိုင်းလုပ်ပြီး ဖမ်းသွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြိုင်မြို့နယ်၊ အိုရင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“အိုရင်းရွာကို မီးရှို့သွားတာဟုတ်ပါတယ်။ စစ်ခွေး စစ်ကြောင်းရှိနေတုန်းဆိုတော့ ပျက်စီးမှုကို အခြေအနေကို မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




