ရန်ကုန်၊ ဇန်နဝါရီ ၃၁
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် တိုက်ပွဲတွင် စစ်ကြောင်း တပ်ပျက်ပြီး ပြန်လည် ဆုတ်ခွာလာသော အကြမ်းဖက် စစ်တပ်ကို ထပ်မံ ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်မတော်ပြည်ခရိုင် တပ်ရင်း-၂ မှ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့မှ နယ်မြေရှင်းလင်းရန် ထွက်လာသော တိုင်းဗဟို ၆ အမြောက်တပ်မှ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အုတ်တွင်းမြို့နယ်ရှိ အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်း ပြောင်းချောင်းကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးခန့် သေဆုံးကာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တပ်ပျက်လာသော စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းသို့ အင်အား ၁၀၀ ခန့်ဖြင့် ဆုတ်ခွာလာစဉ် ပေါက်ခေါင်း-အုတ်တွင်း လမ်းပိုင်းရှိ တံခွန်တိုင်ပေါက်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းကွင်း ၂ ခုဖြင့် မိုင်းဆွဲကာ လက်နက်ငယ်များဖြင့် စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ MA-4 သေနတ် ၁ လက်နှင့် ၄၀ မမ ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းသို့ အင်အား ၆၀ ခန့်ဖြင့်သာ ရောက်ရှိလာကြောင်း သိရသည်။
“၂၈ ရက်နေ့က ပေါက်ခေါင်း-အုတ်တွင်း လမ်းပိုင်းက ပြောင်ချောင်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ခွေး ၁၅၀ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ တပ်ပျက်ပြီး အထိနာလို့ ပေါက်ခါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းကို ပြန်ဆုတ်လာတဲ့ အချိန်မှာ ကျနော်တို့ ပူးပေါင်းတပ်တွေ ထပ်ပြီးတော့ ပေါက်ခေါင်း-အုတ်တွင်း လမ်းပိုင်းက တံခွန်တိုင်ပေါက်အနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာ အဲတိုက်ပွဲမှာ စစ်ခွေး အနည်းဆုံး ၁၀ ကောင်လောက်သေတယ်။ MA-4 ၁ လက်နဲ့ ၄၀ မမ ဗုံး ၁ လုံး သိမ်းဆည်းရရှိတယ်” ဟု ပြည်သူကာကွယ်ရေးတပ်မတော်ပြည်ခရိုင် တပ်ရင်း-၂ မှ ရဲဘော် Red Star က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှူဖြင့် ဗျူဟာရုံး တိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ပြည်ခရိုင်တပ်ရင်း (၁) တပ်ရင်း စစ်ကြောင်း ၊ ပြည်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁) ၊ တပ်ခွဲ (၃) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။






