ရန်ကုန်၊ ဖေဖော်ဝါရီ ၁
အကြမ်းဖက် မြန်မာစစ်တပ်၏ ရွေးကောက်ပွဲမှာ လွတ်လပ် တရားမျှတမှု စံချိန်စံညွှန်းများနှင့် မကိုက်ညီသည့်အပြင် အားလုံးပါဝင်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှုမရှိကြောင်း ဥရောပသမဂ္ဂ- EU က ကြေညာသည်။
မြန်မာနိုင်ငံတွင် ယနေ့ ကျရောက်သည့် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် နှစ်ပတ်လည်တွင် ဥရောပသမဂ္ဂ၏ ကိုယ်စား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂအနေဖြင့် မြန်မာစစ်တပ်၏ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဥ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပုံများအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်အတွက် မဖြစ်မနေ လိုအပ်သော အခြေခံအချက်များ မပြည့်မီခဲ့ကြောင်း၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ယုံကြည်စိတ်ချရသော ၊ ပွင့်လင်းမြင်သာသော ၊ အားလုံးပါဝင်ပတ်သက်မှုရှိသော ရွေးကောက်ပွဲဖြစ်စဥ် မရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း EU က ထုတ်ပြန်သည်။
၂၀၂၀ ပြည့်နှစ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများအပြီးတွင် ဖြစ်ပွားခဲ့သော စစ်တပ်အာဏာသိမ်းမှုကို ဥရောပသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ၅ နှစ်တာကြာပြီးနောက်တွင်လည်း မြန်မာနိုင်ငံသည် မရပ်မနား ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကာ ပြည်သူသန်းပေါင်းများစွာသည် ဆင်းရဲဒုက္ခများ ကြုံတွေ့နေရကြောင်း၊ မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်၊ လူ့အခွင့်အရေးများကို လေးစားရန်၊ ပါဝင်ပတ်သက်သူအားလုံးပါဝင်သည့် နိုင်ငံရေး လုပ်ငန်းစဉ်တစ်ရပ်အပေါ် ကတိကဝတ်ပြုရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အတားအဆီးမရှိ ဝင်ရောက်နိုင်ရန် လိုအပ်လျက်ရှိကြောင်း EU က ဆိုသည်။
အခြေခံလွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ချုပ်ချယ်ထားသည့် အခြေအနေများနှင့် ကြောက်ရွံ့မှု ပြန့်နှံ့နေသော ပတ်ဝန်းကျင်အတွင်း ဆက်လက် ဖြစ်ပေါ်နေသည့် အလွန်ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို EUက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ထို့အပြင် အကြမ်းဖက်မှု အမျိုးအစားအားလုံးကို ချက်ချင်း ရပ်တန့်ရန်၊ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှကာကွယ်ပေးရေး ဥပဒေအောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသော အကျဉ်းသားအားလုံးကို လွှတ်ပေးရန် EU က တောင်းဆိုသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ အလွန်အမင်း ဆိုးရွားနေဆဲဖြစ်ပြီး လူဦးရေ ၁၆ သန်း ကျော်မှာ အရေးပေါ် အကူအညီများကို ချက်ချင်း လိုအပ်လျက်ရှိကြောင်း၊ ပြည်တွင်း နေရပ်စွန့်ခွာရသူ လူဦးရေ ၃ ဒသမ ၆ သန်း ကျော် ရှိနေခြင်းအပြင် မြန်မာနိုင်ငံသားအများအပြားသည် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေး ခိုလှုံနေကြရကြောင်း EU ဆက်လက် ထောက်ပြထားသည်။
ဥရောပသမဂ္ဂက မြန်မာပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက် ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေကို တုံ့ပြန်သည့် အကြီးဆုံး အလှူရှင်အဖြစ် ဥရောပသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများသည် ထိခိုက်ခံစားရသူများထံ လိုအပ်သည့် အကူအညီများကို ထိရောက်စွာ ပေးပို့နိုင်ရန် နည်းလမ်းများကို ဆက်လက်ရှာဖွေရန် EU က ကတိပြုသည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက် (ASEAN Five-Point Consensus) သည် မြန်မာနိုင်ငံကို တည်ငြိမ်မှုလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိစေရန် အရေးပါသည့် အဓိက သတ်မှတ်ချက်များကို ချမှတ်ပေးထားပြီး ဥရောပသမဂ္ဂက ဆက်လက်ထောက်ခံကြောင်း၊ ဥရောပသမဂ္ဂက ဒီမိုကရေစီနှင့် ငြိမ်းချမ်းသာယာရေးကို လိုလားဆန္ဒပြုနေသည့် မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်လျက်ရှိကြောင်း EU က ကြေညာထားသည်။
ဓာတ်ပုံ- ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပသည့်နေ့ လိုက်လံစစ်ဆေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
Photo- AFP ။




