ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ်တွင် KIO/KIA သိမ်းပိုက်ထိန်းချုပ်ထားသော နယ်မြေများကို မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးနှင့်အရေးပေါ် အခြေအနေ ကြေညာထားမှုကို ထပ်မံ သက်တမ်းတိုးထားသဖြင့် စစ်ရေးတင်းမာမှုများ ပိုမိုမြင့်မားလာနိုင်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အကြမ်းဖက်မင်းအောင်လှိုင်က မြို့နယ် ၆၃ ခုတွင် အရေးပေါ် အခြေအနေနှင့်စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာခဲ့ပြီး အဆိုပါ သက်တမ်းတိုးကြေညာချက်တွင် ကချင်ပြည်နယ်အတွင်းရှိ KIO/KIA ထိန်းချုပ်ထားသော ဒေသများ ပါဝင်ကြောင်း၊ ထို့ကြောင့် စစ်တပ်က စစ်ကြောင်းထိုးခြင်းများ ရှိလာနိုင်ပြီး စစ်ရေး အခြေအနေ ပိုမို တင်းမာလနိုင်ကြောင်း ၎င်းက ဆိုသည်။
“၂၀၂၆ ခုနှစ်ထဲမျာ စစ်ရေးအခြေအနေက ပိုပြီး မြင့်တက်လာနိုင်တယ်။ ကျနော်တစ်ဦးတည်း အမြင်အရ ပြောတာပါ။ စစ်ကော်မရှင်ရဲ့ အရေးပေါ်နဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်မှာ ကျနော်တို့ KIO/KIA နယ်မြေတွေ ပါနေတယ်။ စစ်ကြောင်းထိုးတာတွေနဲ့ စစ်ရေးလှုပ်ရှားတာတွေ ပိုများလာမယ်လို့ ကျနော်တစ်ဦးတည်း အမြင်ရ မြင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသောဒေသများနှင့် စိုးမိုးထားသော မြို့နယ် ၆၃ ခုတွင် လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုများ ချုပ်ငြိမ်းရေး ဆောင်ရွက်မည်ဟုဆိုကာ အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ အရေးပေါ် အုပ်ချုပ်ရေးနှင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ယင်းအမိန့်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မင်းအောင်လှီုင်က ရက် ၉၀ ထပ်မံ သက်တမ်းတိုးခဲ့သည်။
စစ်အုပ်ချုပ်ရေး အမိန့်အရ မြို့နယ် ၆၃ ခု၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို စစ်တပ်ဦးစီးချုပ်ကို လွှဲအပ်ကြောင်း ကြေညာထားပြီး မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာသော မြို့နယ်များတွင် ကချင် ပြည်နယ်အတွင်းရှိ KIA စိုးမိုးထိန်းချုပ်ထားသော မြို့နယ် ၅ ခုပါဝင်ပြီး ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်တို့ပါဝင်သည်။
ကရင်နီပြည်တွင် KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်များ သိမ်း ပိုက်ထားသော မြို့နယ် ၃ ခုဖြစ်သည့် ရှားတော၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
ကရင်ပြည်နယ်တွင် KNU အပါအဝင် တော်လှန်ရေးတပ်များ စိုးမိုးထားသော မြို့နယ် ၂ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ဖြစ်သည်။
ချင်းပြည်နယ်တွင် CNF၊ CNDF ၊ AA အပါအဝင် တော်လှန်ရေးတပ်များ သိမ်း ပိုက်ထားသော မြို့နယ် ၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ကန်ပက် လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်တို့ဖြစ်သည်။
စစ်ကိုင်းတိုင်းတွင် PDF များ သိမ်းပိုက်စိုးမိုးထားသော ထားသော မြို့နယ် ၉ ခုကို စစ်အုပ်ချုပ်ရေး ကြေ ညာပြီး ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ပုလဲနှင့် အင်းတော်မြို့နယ်တို့ဖြစ်သည်။
မကွေးတိုင်းတွင် PDF များ သိမ်းပိုက်ထားသော မြို့နယ် ၅ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်များပါဝင်သည်။
မန္တလေးတိုင်းတွင် မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်မြို့နယ်တို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် AA က သိမ်းပိုက်ထားသော မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး ကြေညာပြီး ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ဖြစ်သည်။
ရှမ်းပြည်နယ်မှ မြို့နယ် ၁၅ ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး ယင်းကြေညာသော နယ်မြေများတွင် စစ်ကောင်စီနှင့် ငြိမ်း ချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး လုပ်ထားသော UWSA ၊ MNDAA ၊ NDAA တို့ထိန်း ချုပ်ထားသော မြို့နယ်များ ပါဝင်နေ သည်။
ရှမ်းပြည်နယ်ရှိ စစ်အုပ်ချုပ်ရေး ကြေညာသော မြို့နယ်များတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်တချို့လည်း ပါဝင်ပြီး နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တို့မှာ စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ဆက်လက် ထည့်သွင်းထားသည်။
ထို့ပြင် ရှမ်းပြည်နယ်အတွင်း KIA က သိမ်းပိုက်ထားသော မဘိမ်းမြို့နယ်လည်းပါဝင်သည်။
ရှမ်းပြည်နယ်တွင်ပင် စစ်တပ် နှင့်အပစ်အခတ်ရပ်စဲထားသော ကိုးကန့် MNDAA သိမ်းပိုက်ထားသော မြို့နယ်များဖြစ်သည့်သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်းတို့ကိုလည်း မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာသည်။
အထူးခြားဆုံးအနေဖြင့် စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော NDAA ထိန်းချုပ်ထားသော မိုင်းလားမြို့နယ်နှင့် UWSA သိမ်း ပိုက်ထားသော ဟိုပန်မြို့နယ်တို့ကိုလည်း မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းဖြစ်သည်။
အကြမ်းဖက် စစ်တပ်က မတ်လအတွင်း လွှတ်တော်ခေါ် အစိုးရသစ် ဖွဲ့ စည်း မည်ဟု ထုတ်ပြန်ထားရာ စစ်အုပ်ချုပ်ရေးအမိန့်မှာ ကြံ့ဖွတ်အစိုးရသစ် ပေါ် လာချိန်အထိ ဆက်လက် အသက်ဝင်နေမည့် အခြေအနေလည်းဖြစ် သည်။
ဓာတ်ပုံ- ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ ခမရ ၄၃၇ ကို သိမ်းယူပြီး တွေ့ရစဉ်။ (The Kachin Net Photo)




