ရန်ကုန်၊ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၂ ဦးသည် ဆေးကုသခွင့် မရရှိခဲ့ဘဲ အသက်သေဆုံးခဲ့ကြောင်း Justice Network for Political Prisoners (JNPP) မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ စစ်တွေထောင်တွင် ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၂(က) နှင့် ပုဒ်မ ၅၀၅ တို့ဖြင့် ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသိန်းထွန်းစိန် (အသက် ၄၂ နှစ်) သည် ပြင်းထန်သော ရောဂါဝေဒနာများ ခံစားနေရသော်လည်း ဆေးဝါးကုသခွင့် မရရှိသဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကိုသိန်းထွန်းစိန်သည် အချိန်အတော်ကြာ ဗိုက်အောင့်ဝေဒနာ ခံစားနေရပြီး ဆေးကုသခွင့် မရရှိခဲ့သဖြင့် ဝေဒနာပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်ပြီး မသေဆုံးမီ ရက်ပိုင်းအတွင်း ဝမ်းဗိုက်မခံမရပ်နိုင်ရန် အောင့်လာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းဗိုက်သိသိသာသာ ဖောင်းတက်လာခြင်းများအထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော် အကျဉ်းထောင်တာဝန်ခံများက ဆေးကုသခွင့် မပေးခဲ့ဘဲ အခြေအနေအလွန်ဆိုးရွားလာချိန်မှ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရာ ဆေးရုံရောက်ရှိချိန်တွင်ပင် အသက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်အာဏာရှင်အနေနဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ဖိနှိပ်တာတွေ ချုပ်ချယ်တာတွေ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ဆေးဝါးကုသခွင့် လုံလောက်စွာမရရှိတာတွေ၊ ဆေးဝါးကုသခွင့် မပေးတာတွေ၊ ပြင်ပ မိသားစုတွေကနေ ဆေးဝါးထောက်ပံ့တာကို လက်ခံခြင်း မပြုတာတွေ အဲဒီဟာတွေအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ နိုင်ကျဉ်းတွေအနေနဲ့ တစ်ခုခုဖြစ်လို့ ဘယ်လိုရောဂါမျိုးမဆို ဘာမီတွန်လောက်နဲ့ပဲ ပြီးသွားတာ။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ဘက်က တောင်းဆိုချက်တွေ အများကြီး ထုတ်ထားပါပြီ။ သူတို့ဘက်က လုံးဝကို လျစ်လျူရှုထားပါတယ်”ဟု JNPP မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသား ကိုသိန်းထွန်းစိန်ကဲ့သို့ စစ်တွေအကျဉ်းထောင်အတွင်း၌ပင် ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မစောတင်မေ (အသက် ၃၂ နှစ်) သည်လည်း စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် ဒဏ်ရာနှင့် ဝေဒနာများကို အကျဉ်းထောင်အတွင်း၌ ဆေးကုသခွင့် မရရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်အတွင်း စစ်တွေအကျဉ်းထောင်အတွင်း၌ပင် အသက်သေဆုံးခဲ့ကြောင်း သိရှိရသည်။
စစ်တွေအကျဉ်းထောင် တာဝန်ခံများနှင့် ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများအား ဆေးကုသခွင့် မပေးဘဲ လူ့အခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေ ယင်းချိုးဖောက်မှုများကို ဆက် လက် မှတ်တမ်းတင်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း JNPPက ဆိုသည်။
” အကျဉ်းသားတွေရဲ့ အခွင့်အရေးဆိုတာ ဘာမှန်းမသိဖြစ်နေရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ လူငယ်တွေ အရွယ်ကောင်းတွေက အစ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ဒဏ်တွေကြောင့် သေဆုံးနေရတာ အင်မတန်မှ များပြားနေပါပြီ။ ဒါကို ကျွန်မတို့ဘက်က နေပြီးတော့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေအားလုံး လုံလောက်တဲ့ ဆေးဝါးကုသခွင့်ရရှိအောင်၊ စားနပ်ရိက္ခတွေ ရရှိအောင် ကြိုးစားနေပါတယ်။ တစ်ဖက်တစ်လမ်းကနေရရှိဖို့ ကြိုးပမ်းနေပါတယ်”ဟုJNPP မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအပေါ် ကျူးလွန်မှုများအတွက် တာဝန်ရှိသူများအနေဖြင့် နောင်တစ်ချိန်တွင် မိမိတို့၏လုပ်ရပ်များ အတွက် တာဝန်ယူရမည်ဖြစ်ပြီး အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း JNPP က သတိပေး ထုတ်ပြန်ထားသည်။




