ရန်ကုန်၊ ဖေဖော်ဝါရီ ၁
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မိုးကောင်းရွာအနီးရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော တောင်ယာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး၊ Gyrocopter တို့ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီနှင့် ည ၈ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ မိုးကောင်းရွာအနီး တောတဲများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီး၊ Gyrocopter ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်ခဲ့သော နေရာသည် စစ်ဘေးရှောင် ပြည်သူများစုဝေးနေထိုင်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်သော နေရာများဖြစ်ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နွား၃ ကောင်နှင့် ဝက် ၁ ကောင် ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်က ရွာတွေကို ဗုံးကျဲချတာ တွေလုပ် နေတော့ ရွာထဲနေရတာ လုံခြုံမှု မရှိတော့လို့ တောတွေထဲ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီး နေကြတဲ့ နေရာကို ဗုံးကျဲ တိုက်ခိုက်သွားတာ စက်တပ် လေထီး ၂ စီး နဲ့က တစ်ကြိမ် ၊ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့က တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဗုံးကျဲချသွားတာ လူတွေကတော့ ထိခိုက်တာမရှိဘူး။ နွား၃ ကောင်နဲ့ ဝက် ၁ ကောင် ဗုံးစထိမှန် သေဆုံးခဲ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ အကြမ်းဖက် စစ်တပ်သည် ယင်းမာပင်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဇီးတောရွာ အမေရေယာဉ် နတ်နန်းအနီးကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာဒေသတွင် မီးများ လောင်ကျွမ်းနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




