26 C
Yangon

ကလေးမြို့ အကျဉ်းထောင်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသူများ အပါအဝင် အကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသူများအပါအဝင် အကျဥ်းသူ ဦးရေ ၁၀၀ ကျော် သည် သွေးသစ္စာ သီချင်းကို သံပြိုင်သီဆိုခဲ့ကြပြီး နိုင်ငံ‌ရေးအကျဥ်းသူများ အပါအဝင်အကျဉ်းသူများထဲမှ အနည်းဆုံး ၁၅ ဦး တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်အာဏာသိမ်း ၅ နှစ်ပြည့်သည့်နေ့ ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသူများအပါအဝင် အကျဉ်းသူ ၁၀၀ ကျော်က သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

” မနေ့က နေ့လယ်က ကြားသိရတာက အကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံရတယ်ကြားတယ်။တိုက်ပိတ်ခံရတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။အကျဉ်းထောင်ထဲမှာ ကာလတစ်ခုကြာလာတဲ့အတွက် မိမိတို့လွတ်မြောက်ရေး မိမိတို့ တောင်းဆိုလာကြမှုအပေါ် အပြင်က ပြည်သူတွေ နိုင်ငံတကာအစိုးရ အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်ရေး အာဏာသိမ်းစစ်တပ်ကို ပိုမိုဖိအားပေးတောင်းဆိုဖို့ လိုကြောင်း ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယခုကဲ့သို့ ကလေးအကျဥ်းထောင်ရှိ တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူများနှင့် အခြားအကျဉ်းသူ များ၏ လုံခြုံရေးအခြေအနေ စိုးရိမ်နေရမှုအပေါ်ပြည်သူများ၊ လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အလေးထား၍ စောင့်ကြည့်ခြင်းများ ပြုလုပ်ပေးကြပါရန်လည်း PPNM က အသိပေး တောင်းဆိုထားသည်။

ယမန်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်တွင် အကျဉ်းသားအကျဉ်းသူများက အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျဆုံးရေး အပါအဝင် အချက် ၃ ချက်ကို ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ကလေးမြို့အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဉ်းသူများက အမှုကြီး ၉ မှုအတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးရန်၊ အကျဥ်းထောင်တွင်း အရေးပါသည် တန်းစီးကဲ့သို့သော လုပ်ပိုင်ခွင့်ရှိသည့် နေရာများတွင် အမျိုးသမီး၊အမျိုးသားမခွဲခြားဘဲ တန်းတူအချိုးကျ နေရာပေးရန်၊ အာဏာရှင် အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး စသည့်အချက် ၃ ချက်ကို ငြိမ်းချမ်းစွာဖြင့် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း၊ တောင်းဆို ချက် ၁ နှင့် ၂ ကို သဘောမတူပါက တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွင်းသပိတ်နေ့ ပြုလုပ်မည်ဟု တောင်းဆိုထားသည်။

ကလေးမြို့ အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူများ၏ တောင်းဆိုချက်ကို လာမည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ နောက်ဆုံးထား သဘောတူပေးပါရန် တောင်းဆိုထားကြောင်း သိရှိရသည်။

အကယ်၍ တောင်းဆိုချက်ကို သဘောမတူပါက မြန်မာ့ရိုးရာ နှစ်သစ်ကူး နှစ်ဆန်း၂ ရက်နေ့ကို တစ်နိုင်ငံလုံးရှိ အကျဥ်းထောင်တွင်းသပိတ်နေ့ အဖြစ် ကြေညာ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တောင်းဆိုမှုများသည် နိုင်ငံရေးမှုများအတွက်သာ သီးသန့် လုပ်‌ဆောင်ခြင်း မဟုတ်ဘဲ အခြားအမှုများအပါအဝင် အကျဉ်း သားအကျဉ်းသူအားလုံးအတွက် ဖြစ်ကြောင်း၊ နိုင်ငံရေးအမှုများကို မလွှတ် ပေးသော ကြောင့် အခြားအမှုများပါ အခွင့်အရေးများ ဆုံးရှုံးနေသည်မှာ ကြာပြီ ဖြစ်၍ တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article