35 C
Yangon

စစ်တပ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် ၅ နှစ်အတွင်း အရပ်သားပြည်သူ ၅,၀၀၀ ကျော် သေဆုံးပြီး ကျောင်း၊ ဆေးရုံ အပါအဝင် အဆောက်အအုံ ၁,၂၀၀ ကျော် ပျက်စီး

Must read

ရန်ကုန် | ဖေဖော်ဝါရီ ၃

နွေဦးတော်လှန်ရေး ၅ နှစ်တာကာလအတွင်း စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် အရပ် သား ပြည်သူ ၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကျောင်း၊ ဆေးရုံနှင့် ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက် အအုံ ၁,၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောကြားသည်။

ယနေ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၂/၂၀၂၆)တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အစောပိုင်းအထိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၅၀၁ မှု ဖြစ်ပွားခဲ့ပြီး အရပ်သား ၅,၁၈၈ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်များမှာ နှစ်စဉ် ပိုမို တိုးလာနေပြီး ၂၀၂၅ ခုနှစ်တွင် အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီး၁၅၉ မှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄,၇၅၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၁,၂၇၂ ခု ပျက်စီးခဲ့သည့်အပြင် ၂၀၂၅ ခုနှစ် ဧပြီလတွင် ပြည်သူများ ငလျင်ဒဏ် ခံစားနေရချိန်တွင်ပင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်းလည်း ဦးနေဘုန်းလတ်က ပြောကြားသည်။

“အဲ့ဒီအပြင် သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၅ ဒီဇင်ဘာလ တစ်လတည်းမှာတင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၈၉ ခုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာတွေ့ရပါတယ်။ အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့၊ ကျူးလွန်နေတဲ့ ဒီ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်လုံးဝမပေးဘဲ တရားမျှတမှု ရရှိနိုင်အောင်လည်း နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

စစ်အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း ပညာရေးကဏ္ဍတွင်လည်း ဆိုးရွားသော ထိခိုက်မှုများ ရှိနေပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆရာ၊ ဆရာမ ၁၂၅,၀၀၀ ကျော်ကို စစ်အုပ်စုက ရာထူးမှ ထုတ်ပယ်ခဲ့သလို အနည်းဆုံး ဆရာ ၃၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ၊ ဆရာ ၅၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အများစုမှာ ထောင်တွင်း ဆက်လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေဖြင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများကို ပစ်မှတ်ထားသော လုပ်ရပ်များသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ၊နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အရပ်သားများ အထူးသဖြင့် ကလေးသူငယ်များကို ကာကွယ်နိုင်ရေး အရေးယူဆောင်ရွက်ရန် ဦးနေဘုန်းလတ်က တိုက်တွန်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article