24 C
Yangon

ဖားကန့်နှင့်ကနီမြို့တို့တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့ မိုးကာရွာကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့ ဗျူဟာကုန်းမှ အကြမ်းဖက် စစ်သားများက မိုးကာရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ဖားကန့် ဗျူဟာကုန်းက စစ်ခွေးတွေက ပစ်လိုက်တဲ့ လက်နက်ကြီးက မိုးကာရွာထဲကို ကျရောက် ပေါက်ကွဲပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး ကျည်စထိမှန်ပြီး သေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ဖားကန့်မြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ဗျူဟာကုန်းက ဖားကန့်မြို့၊ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်အစပ်ရှိ အထက်တန်းကျောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် KG ကျောင်းဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ၄ တန်းကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်ပြီး ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က ပြည်သူများနေထိုင်သော ရပ်ကွက်များနှင့် ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဖားကန့်မြို့နယ်တွင် ယခင်နှစ် ဇူလိုင်နှောင်းပိုင်းမှစတင်၍ စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ပြီးနောက် စစ်သားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၂ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ မုဌောအနောက် ကျေးရွာရှိ နေအိမ်များကို စစ်တပ်က ဂျိုင်ရိုကော့ပတာ ၁ စီးဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ သို့ရာတွင် လူထိခိုက်မှုမရှိကြောင်း ကနီဒေသအခြေစိုက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article