26 C
Yangon

မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ ရုရှားအမျိုးသမီးတစ်ဦးကို ပြန်လည်ကယ်ထုတ်နိုင်ပြီး လွတ်မြောက်လာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ ရုရှားအမျိုးသမီးတစ်ဦးကို ပြန်လည်ကယ်ထုတ်နိုင်ပြီး လွတ်မြောက်လာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းတစ်ခုတွင် အတင်းအကျပ် စေခိုင်းခံနေရသည့် ရုရှားနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ထိုင်းနှင့် မြန်မာရဲတပ်ဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်းတွင် ရုရှားနိုင်ငံသား အပါအဝင် နိုင်ငံ ခြားသားများကို အလုပ်အကိုင်ပေးမည်ဟု အကြောင်းပြ၍ လိမ်လည်ဖမ်းဆီးခိုင်းစေနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်း ရာဇဝတ်ကွန်ရက်တစ်ခု လှုပ်ရှားနေကြောင်း၊ အချို့ရုရှားနိုင်ငံသားများကို အွန်လိုင်းအင်တာဗျူး ဟုဆိုသည့် အဆင့်တစ်ခုကို ဖြတ်သန်းပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဖိတ်ခေါ်ခံရကာ မြန်မာနိုင်ငံသို့ တရားမဝင် ပို့ဆောင်ခံခဲ့ရကြောင်း သိရှိရသည်။

လွတ်မြောက်လာသော ရုရှားအမျိုးသမီးက အလုပ်အကိုင်ပေးမည်ဟု ဆိုသော “အလုပ်ရှင်” ၏ ဖိတ်ကြားချက်ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် အတင်းအဓမ္မ မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခံကာ တရားမဝင် လိမ်လည်ခေါ်ဆိုရေး စင်တာတွင် အလုပ်လုပ်ခိုင်းစေခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ရုရှား အမျိုးသမီးကို မြန်မာနိုင်ငံ၊ မြဝတီမြို့ရှိ လူဝင်မှုကြီးကြပ်ရေး စခန်းတစ်ခုတွင်

ထိန်းသိမ်းထားပြီး နောက်တစ်ဆင့်အဖြစ် ဘန်ကောက်မြို့သို့ ပို့ဆောင်ကာ ရုရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း ရုရှားသံရုံးက ပြောကြားထားသည်။

ယခင်နှစ် ဒီဇင်ဘာလကုန်ပိုင်းတွင်လည်း မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းတွင် ထိန်းသိမ်းခံထားရသည့် ရုရှားနိုင်ငံသားတစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ရုရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယခင်ကလည်း မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများက အတင်းအဓမ္မ အလုပ်လုပ်ခိုင်းစေရန် ရုရှားနိုင်ငံသား ၃ ဦး ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက မြန်မာနိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် ရုရှားနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရေးအတွက် သံတမန်များက လိုအပ်သမျှ အားလုံးကို ဆောင်ရွက်နေကြောင်း ၊ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ယခင်ကလည်း ရုရှားနိုင်ငံသားတစ်ဦးကို လိမ်လည်ခေါ်ဆိုရေး စင်တာမှ ကယ်တင်နိုင်ခဲ့ပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်းလည်း အတည်ပြုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article