ရန်ကုန်၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်တပ်ကို ထောက်ခံပြီး PDF များကို လူမှုကွန် ရက်တွင် Live လွှင့်ပြီး စိန်ခေါ်သည့် မှုခင်းသတင်းထောက်အမည်ခံ ရဲသတင်း ပေး စိန်လင်းနှင့်ဇနီး ယနေ့ မွန်းတည့်ချိန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ကလေးမြို့၊ ရနံ့သစ်လက် ဖက်ရည်ဆိုင်တွင် စစ်တပ်အမာခံထောက်ခံသူနှင့် သတင်းပေး ၊ မှုခင်းသတင်း ထောက်အမည်ခံ စိန်လင်းနှင့်ဇနီးတို့ စားသောက်နေစဉ် ကလေးမြို့ မြို့ပြပြောက်ကျား UGF က ဝင်ရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“နှစ်ဦးစလုံး ခေါင်းတွေ အပစ်ခတ်ခံရတယ်။ ၇ ချက်ပစ်ခတ်တာ။ စိန်လင်းက စစ်တပ်ကိုထောက်ခံလို့ သတ်မယ်ဆို အချိန်မရွေးလာသတ်လှည့်။ မကြောက်လို့ စစ်တပ်ထောက်ခံတဲ့သတင်းပဲ ရေးမယ်။ PDF ရော NUG လာခဲ့ စောက်ဂရုစိုက်ပြီး ကြောက်ရမလားဆိုပြီး Live လွှင့်ပြီး စိန်ခေါ်တယ်” ဟု ကလေးမြို့ပြပျောက်ကြား UGF သတင်းရင်းမြစ်က ပြောသည်။
ကလေးမြို့တွင် စစ်တပ်အတွက် သတင်းပေးနေသူများကို သတင်းပေးကြရန် UGF က သတိပေးပါကြောင်း ၎င်းက ဆိုသည်။
အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြိုနယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲထောက်လှမ်းရေး ၁ ဦးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပစ်ခတ်ရှင်းလင်းကြောင်း မြို့ပြပြောက်ကျားအဖွဲ God Of Deathက ထုတ်ပြန်သည်။
ပစ်ခတ်ခံရသော ရဲထောက်လှမ်းရေးသည် မူးယစ်ဆေးဝါးအလွန် အကျွံသုံးစွဲထားပြီး ယခင်က ရခိုင် ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရာတွင် ဘုံရန်သူများအား ပြင်းထန်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း God Of Death ၏ ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
ဓာတ်ပုံ- စစ်တပ်ကိုထောက်ခံပြီး PDF များ သတ္တိရှိလျှင် လာသတ်လှည့်ဟု လူမှုကွန်ရက်တွင် Live လွှင့်စိန်ခေါ်ခဲ့သည့် ရဲသတင်းပေး စိန်လင်း။