ရန်ကုန်၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်နှင့်နပဲကြူးဇရပ်အကြားတွင် အကြမ်းဖက်စစ်တပ် ထောက်ပို့ကား ၂ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force (M.N.R.F) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ ထောက်ပို့ယာဥ် ၂ စီးသည် စစ်ကိုင်းဘက်မှ ထွက်လာခြင်းဖြစ်ပြီး Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နှင့် PEOPLE REVOLUTION FORCE P.R.F ညီနောင်လေးဖွဲ့တို့က မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်, ပန်းဒလဲကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်များ စုပေါင်းနေထိုင်ရာ အိမ် ၁ လုံးကို ပ.က.ဖ လောင်းလုံးနှင့် မဟာမိတ်တပ်ဖွဲ့များက ဇူလိုင်လ ၉ ရက် ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကာ ဆေးရုံတင်ထားရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့ကြောင်းနှင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး မိနစ် ၂၀ ခန့်တွင် ကမြောကင်းအခြေစိုက် ခလရ ၁၀၄ တပ်ရင်းမှ စစ်ကား ၄ စီးဖြင့် စစ်ကူလာရောက်ပြီး ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း မိုင်းမကွဲသဖြင့် ထပ်မံဆုတ်ခွာခဲ့ကြောင်း ပ.က.ဖ လောင်းလုံးက ထုတ်ပြန်သည်။
ပန်းဒလဲကျေးရွာရှိ ပျူစောထီးအဖွဲ့ကို ထားဝယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(DDT-တပ်ခွဲ၃)၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)၊ အထူးပြောက်ကြားတပ်ဖွဲ့၊ ထားဝယ်ခရိုင်တပ်ဦး(တပ်ခွဲ၁)၊ ဖယ်ဒရယ်စစ်ကြောင်း (T5-ဇုန်)တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – မြင်းမူတွင် စစ်ကောင်စီ ထောက်ပို့ ယာဉ် ၂ စီးကို မိုင်းခွဲတိုက်ခိုက်စဉ်