ရန်ကုန်၊ မေ ၂၆
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများထံမှ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံပြီး အကြမ်းဖက် စစ်တပ်ကို လစဉ် ထောက်ပံ့နေသော ရှမ်းစပ်ရွာ ရာအိမ်မှူး မြင့်အေးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ရှမ်းစပ်ကျေးရွာတွင် အကြမ်းဖက် စစ်တပ် အလိုကျလုပ်ဆောင်ပေးနေသော ရာအိမ်မှူး မြင့်အေးကို ဗျူဟာ ၂၁ ကွပ်ကဲမှု အောက်ရှိ ပြည်ခရိုင်တပ်ရင်း(၁) တပ်ခွဲ(၄) မှ ရဲဘော်များက ၎င်း နေအိမ်တွင် ရှိနေစဉ် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ရာအိမ်မှူး မြင့်အေးသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ရွာသစ်ကြီးအုပ်စု အတွင်း ပြည်သူများထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅ သောင်း၊ ၁ သိန်းနှင့် ၁ သိန်းခွဲ အသီးသီးကောက်ခံ၍ စစ်တပ်ကို လစဉ် ထောက်ပံ့နေသူဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းမှ လူငယ် ၅ ဦးကိုလည်း ပေါ်တာဆွဲဖမ်းဆီးကာ အကြမ်းဖက် စစ်တပ်ထံ ကိုယ်တိုင်ပို့ဆောင်ပေးခဲ့သူဖြစ်ကြောင်း သိရှိရသည်။
“မြင့်အေးက အခုနောက်ပိုင်း သူကိုယ်တိုင် ပေါ်တာဝင်ဆွဲပြီး စစ်တပ်ကို ပို့တာတွေပါ လုပ်ဆောင်လာတယ်။ ပြည်သူတွေကလည်း တိုင်ကြားတာတွေ အရမ်းများတယ်။ အဲတာကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
ဆက်လက်၍ အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်ဆက်နွယ်သည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့်ပျူစောထီးများကို ပြတ်သားစွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲဘော် Shadow က ဆက်လက်ပြောဆိုသည်။




