26 C
Yangon

ကမ္ဘာ့ UFC ချန်ပီယံ Joshua Van နှင့် အဆိုတော် ဖြူဖြူကျော်သိန်းတို့ကို မလေးရှားရောက် မြန်မာနိုင်ငံသားထောင်ချီ ကြိတ်ကြိတ်တိုး ကြိုဆိုတွေ့ဆုံ၊ ဖြူဖြူကျော်သိန်းက နွေဦးတော်လှန်ရေး အထိမ်းအမှတ် “ကြယ်” သီချင်း သီဆိုချိန် ပြည်သူအားလုံးက သံပြိုင် လိုက်ပါ သီဆိုခဲ့ကြ

Must read

ရန်ကုန်၊ မေ ၂၆

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ရောက်ရှိလာသော ကမ္ဘာ့ UFC ချန်ပီယံ Joshua Van နှင့် အဆိုတော် ဖြူဖြူကျော်သိန်းတို့ကို မလေးရှားရောက် မြန်မာနိုင်ငံသားထောင်ချီက ကြိတ်ကြိတ်တိုး ကြိုဆိုကြသည်။

မေလ ၂၅ ရက်နေ့ ည ၇ နာရီမှ ည ၁၀ နာရီအထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ICC Pudu Hall တွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ထောင်ချီက ကမ္ဘာ့ UFC ချန်ပီယံ Joshua Van နှင့် အဆိုတော် ဖြူဖြူကျော်သိန်းတို့ကို လာရောက် ကြိုဆို တွေ့ဆုံကြသည်။

“ခန်းမထဲမှာ မရှိဘူးဆိုရင် ၁၀၀၀ နဲ့ ၂၀၀၀ အကြားပဲ။ ခန်းမ မဆန့်လို့ အပြင်မှာလည်း လူတွေက အများကြီး။ အခန်းထဲမှာ ကြိတ်ကြိတ်တိုးကို ကြိုကြတာ။ ခန်းမထဲရော အပြင်မှာရောဆိုရင် မြန်မာတွေ ထောင်ချီရှိတယ်” ဟု ကြိုဆို တွေ့ဆုံပွဲ သွားရောက်ခဲ့သည့် မလေးရှားရောက် မြန်မာနိုင်ငံသား တစ်ဦးက ပြောဆိုသည်။

ကမ္ဘာ့ UFC ချန်ပီယံ Joshua Van ကလည်း ပရိသတ်ကို တွေ့ဆုံနှုတ်ဆက်စကားပြောပြီး အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့သည်။

ယင်းနောက် အဆိုတော်ဖြူဖြူကျော်သိန်းက နွေဦးတော်လှန်ရေး အထိမ်းအမှတ် “ကြယ်” သီချင်းကို သီဆိုခဲ့ရာ ပရိသတ်အားလုံးက သံပြိုင် လိုက်ပါ သီဆိုကြရင် မြန်မာနိုင်ငံသားတချို့က ငိုကြွေးခဲ့ကြကြောင်း ပွဲတက်ရောက်သူများက ဆိုကြသည်။

“နွေဦးတော်လှန်ရေးမှာ အသက်စွန့်သွားတဲ့ ပြည်သူတွေအတွက် ဒီသီချင်းဆိုတော့ လိုက်ပြီး သံပြိုင်ဆိုကြတယ်။ တချို့လည်း ငိုကြတယ်။ ၅ နှစ်ကြာပေမယ့် သေသွားတဲ့ ပြည်သူတွေအတွက် အားလုံးက အမှတ်တရ ရှိကြတယ်” ဟု မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ရှင်းပြသည်။

ယင်းအပြင် မေလ ၂၇ ရက်နေ့တွင်လည်း ချင်းဒုက္ခသည်ကော်မတီ-CRC ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အခမ်း အနားတွင်လည်း အထူးဧည့်သည်တော်အနေဖြင့် ကမ္ဘာကျော် UFC ချန်ပီယံ Joshua Van နှင့် နိုင်ငံကျော်အဆို‌တော် ဖြူဖြူကျော်သိန်းတို့က တက်ရောက်ကြဦးမည်ဖြစ်သည်။

ဓာတ်ပုံ- CRC ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article