26 C
Yangon

တရားမဝင် စီးပွားကုန်သွယ်မှုများဖြင့် ရာထူးချအဖမ်းခံထားရသော အရှေ့ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် နိုင်ဇော်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ ၊ စစ်ဆင်ရေး ကျရှုံးမှုဖြင့် အခြားစစ်အရာရှိကြီးများလည်း သေဒဏ်နှင့်ပြစ်ဒဏ်များ အသီးသီးကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ်တွင် တရားမဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးများဖြင့် ရာထူးချအဖမ်းခံထားရသော အရှေ့ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် နိုင်ဇော်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ရှမ်းပြည်နယ်တွင် တရားမဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပါဝင်ပတ်သက်မှုဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကို ရာထူးမှ ဖယ်ရှား ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ၄ လကျော်အကြာတွင် စစ်တပ်က စစ်ခုံရုံးဖြင့် တိုင်းမှူးဟောင်း ဗိုလ်ချုပ် နိုင်ဇော်ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် နိုင်ဇော်ဦးသည် တေဇ -၂၅ ကျောင်းဆင်းဖြစ်ပြီး ယခင်က ဗထူးတပ်မြို့ ကြည်း တိုက်ခိုက်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းတွင်မှ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်ကြောင်း၊ အရှေ့ပိုင်းတိုင်း တိုင်းမှူးဖြစ်ပြီး ၃ လနီးပါးအကြာတွင် တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ရာထူးမှ ဖယ်ရှား ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

” ရပခ တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦး။ လောလောလတ်လတ်လတ်ပဲအဂတိမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျသွားတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

ယင်းအပြင် စစ်ဆင်ရေး ကျရှုံးမှုများဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူး ဗိုလ်ကြီးမှူးကိုလည်း စစ်တပ်က သေဒဏ်ကြိုးမိန့်ကိုလည်းကောင်း၊ တောင်ကုတ်အခြေစိုက် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်မမှူး( DSA -၄၃ ) ကို ထောင်ဒဏ် ၁၀ နှစ်၊ ခန္တီးအခြေစိုက် စစ်ဗျူဟာမှူး (DSA- ၄၂)ကို ထောင်ဒဏ် ၅ နှစ်၊ တပ်မ ၃၃ နည်းဗျူူဟာမှူး (DSA-၄၅) ကိုထောင်ဒဏ် ၁၄ နှစ်လည်းကောင်း အသီးသီးချမှတ်လိုက်ကြောင်း သိရှိရသည်။

“မပခ ဗျူဟာမှူး ကြိုးမိန့်ကတော့ တော်တော်လေး ပြင်းတယ်။ အဓိကစစ်ဆင်ရေးကျဆုံးမှုပဲ ဖြစ်မယ်။ ၃၃ တပ် မမှူးနဲ့ ခန္ဓီး စဗခ မှူးတွေကလည်း စစ်ဆင်ရေေးမှုပဲ ဖြစ်လောက်မယ်။ ပြီးရင် စကခ ၅ ကလည်း စစ်ဆင်ရေးမှုပဲ။ စစ်တပ်မှာ လက်ကျန်အမှုတွေကို သူ တဖြည်းဖြည်းချင်းနဲ့ ဖြတ်ပြီးတော့ စီရင်ချက်ချတဲ့အနေအထားမျိုးပေါ့နော်။ နောက် တပ်ချုပ်ကို အမှုမကျန်ဘူးပေါ့။ ပြဿနာတွေတော့ ထားခဲ့မှာပေါ့နော်၊ ပြဿနာတွေတော့ ထား ခဲ့မယ်။ ဟိုစာရွက်ပေါ်မှာ ရှိနေတဲ့အမှုတွေကိုတော့ ရှင်းသွားတယ်ဆိုတဲ့ပုံစံမျိုး၊ ဒါ လုပ်ထုံးလုပ်နည်းအရပေါ့နော်။ အဲ့ဒါတွေ ရှင်းထုတ်ပြီးတော့ ထောင်ထဲထည့်ပြီးတော့ ပြစ်ဒဏ်စီရင်ချတာလို့တော့ ကျွန်တော်တို့ကယူဆပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

မတ်လနှင့်ဧပြီလအတွင်း လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်ဖွဲ့စည်းရန်အတွက်လည်း မင်းအောင်လှိုင်က ပြင်ဆင်နေရာ ယင်းကာလမတိုင်မီ စစ်တပ်အတွင်း ရာထူးနေရာ အပြောင်းအရွှေ့များ ထပ်မံပြုလုပ်ဦးမည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article