ရန်ကုန်၊ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Red Dragon Defence Of Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဒီပဲယင်းအရှေ့ခြမ်း ညောင်လှကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ မနေ့ညက နမခ ကနေ တက်လာတဲ့ ပါရာမော်တာ ၁ စီးက ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့တာပါ။ ရွာတောင်ဘက်အထွက် မူးဘောင်ဘေး ဝဲယာဘက်ကို ကျဲတာပါ။ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ အဆောက်အဦးတွေနဲ့ ကျန်တဲ့ဟာတွေတော့ ပျက်စီးတာ ကြီးကြီးမားမား မရှိပါဘူး။ ခရီးသွားကားနဲ့ လိုက်ပါလာတဲ့ ပြည်သူတွေထိတာဆိုတော့ အမည်တွေတော့ အတိအကျ မသိသေးဘူး” ဟု Red Dragon Defence Of Force မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယမန်နေ့ ညပိုင်းထိ ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ ဖျက်ဆီးျွခြင်းကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး မြင်းခြံမြို့နယ်၊ အေးရွာကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်း တောင်ရွာ၊ မြောက်ရွာ တို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နတ်ညွန်းရွာအတွင်းရှိ စာသင်ကျောင်းများ အပါအဝင် ရွာကျွတ် မီးလောင်ပြာကျခဲ့ပြီး ကျေးရွာအတွင်း၌ နေအိမ် ၁၀ လုံးကသာ ကျန်ရှိတော့ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း တပ်စွဲထားသောကြောင့် ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်း တောင်ရွာ၊ မြောက်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“မနေ့က စစ်ခွေးတွေရှို့တာ ရွာလုံးကျွတ် နီးပါးကို မီးလောင်ပြာကျသွားတယ်။ နတ်ညွန်းရွာဆို နေအိမ် ၁၀ ကျော်လောက်ပဲကျန်တော့တယ်။ ရွာလုံးကျွတ်ကို ရှို့သွားတာ စစ်ခွေး စစ်ကြောင်းက အခုထိရှိသေးတော့ ပြည်သူတွေရွာထဲမဝင်ရဲသေးဘူး။ တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။






