ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ ရွာသစ်ကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးမှာ စိုးရိမ်ရပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ထိခိုက်ဒဏ်ရာရရှိသူများကို မြိုင်မြို့နယ် ပကဖ က ဆေးကုသမှု ပေးနေကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိဘဲနဲ့ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁ ဦးကတော့ စိုးရိမ်ရတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မြိုင်မြို့နယ် မြောက်ဆည်ရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။






